ရောင်းအား ထိုးကျခြင်းကြောင့် သြစတြေးလျက တရုတ်နှင့် စပျစ်ဝိုင်အငြင်းပွားမှုကို WTO သို့ တိုင်ကြား

ရောင်းအား ထိုးကျခြင်းကြောင့် သြစတြေးလျက တရုတ်နှင့် စပျစ်ဝိုင်အငြင်းပွားမှုကို WTO သို့ တိုင်ကြား

သြစတြေးလျဝိုင်တင်ပို့မှုအပေါ် တရုတ်က ပြည်တွင်းလုပ်ငန်းများ ထိခိုက်နစ်နာမှုကို ကာကွယ်ကုစားနိုင်ရန်အတွက် သွင်းကုန်အပေါ် လုံလောက်သော ကာကွယ်မှုအခွန် (anti-dumping duties) ချမှတ်ထားခြင်းကြောင့် တရုတ်နှင့် ကုန်သွယ်မှုအကျပ်အတည်းများ ပိုမိုကြီးထွားလာစဉ် သြစတြေးလျအစိုးရက ဇွန်လ ၁၉ရက်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တရားဝင်တိုင်ကြားလိုက်သည်။

“မိမိတို့၏ ကွဲပြားမှုများကို ဖြေရှင်းရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ စည်းမျဉ်းစနစ်များကို အသုံးပြုပြီး သြစတြေးလျဝိုင်ထုတ်လုပ်သူများ၏ အကျိုးစီးပွားကို အစိုးရအနေဖြင့် စိတ်အားထက်သန်စွာ ဆက်လက် ကာကွယ်ပေးသွားမည်” ဟု ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဒန်တီဟန်က လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဒေးဗစ်လစ်တဲလ်ပရောက်ဒ်နှင့်အတူ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ။

၂၀၁၈ခုနှစ်တွင် Huawei ၏ 5G broadband ကွန်ရက်ကို သြစတြေးလျက တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် တရုတ်နှင့် ဆက်ဆံရေးဆိုးရွားမှုသည် သြစတြေးလျအစိုးရက ၂၀၂၀ပြည့်နှစ်လယ်လောက်က တရုတ်တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်ဗိုင်းရပ်စ်၏ မူလအစနှင့် ပတ်သက်၍ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့ပြီးနောက် ပိုမိုဆိုးရွားလာခဲ့သည်။

သြစတြေးလျ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံက အမေရိကန်က စီးပွားရေးအရ နိုင်ထက်စီးနင်းပြုလုပ်မှုဟု ခေါ်သည့် သြစတြေးလျ စပျစ်ဝိုင်၊ မုယောစပါးများ၊ အမဲသား၊ ကျောက်မီးသွေးနှင့် စပျစ်သီးများတင်သွင်းမှုကန့်ခြင်းအပါအဝင် သြစတြေးလျကုန်စည်များအပေါ် ကြီးလေးသည့် အခွန်များ ချမှတ်ခဲ့သည်။

၂၀၂၀ပြည့်နှစ်ကလည်း သြစတြေးလျမုယောစပါး တင်သွင်းမှုအပေါ်အကြီးအကျယ် အခွန်စည်းကြပ်မည့် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ်ရန်အတွက် သြစတြေးလျက WTO သို့ တရားဝင်အယူခံဝင်ခဲ့သည်။

ဝိုင်ဈေးနှုန်းသည် နှစ်ဆ၊ သုံးဆအထိမြင့်တက်ခဲ့ပြီး တရုတ်ဈေးကွက်ကို တင်ပို့သူများအတွက် အလားအလာ မကောင်းခဲ့ကြောင်း သြစတြေးလျအစိုးရက အစောပိုင်းက ပြောကြားထားသည်။

သြစတြေးလျဝိုင်ပြုလုပ်သူများသည် ပြီးခဲ့သည့်တစ်နှစ်က ဒီဇင်ဘာလမှ မတ်လအထိ အမေရိကန်ဒေါ်လာ ၂၄၃ သန်းဖိုး တင်ပို့နိုင်ခဲ့သော်လည်း ယခုဒီဇင်ဘာမှ မတ်လအထိ အမေရိကန်ဒေါ်လာ ၉ သန်းဖိုးခန့်သာ တင်ပို့နိုင်ခဲ့ပြီး

ကြီးလေးလှသည့် အခွန်အသစ်ကြောင့် တင်ပို့သူများမှာ ၎င်းတို့၏ အကြီးမားဆုံးဈေးကွက်ကို လက်လွတ်ရမလိုဖြစ်နေကြောင်း စက်မှုကိန်းဂဏန်းများက ဖော်ပြနေသည်။

ဇွန်လအစောပိုင်းတွင် ဝန်ကြီးချုပ် စကော့ မောရစ်ဆန်က နှစ်နိုင်ငံကြားဖြစ်ပေါ်နေသည့် ကုန်သွယ်ရေး အကျပ်အတည်းကို ဖြေရှင်းပေးရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တောင်းဆိုလိုက်ပြီး ရက်ပိုင်းအကြာတွင် ကမ္ဘာ့ကုန်သွယ်ရေးတွင် တရုတ်၏ ကြီးထွားလာနေသော အကျိုးသက်ရောက်မှုကို ပိုမိုအားကောင်းစွာ ရပ်ခံရန်အတွက် ဂျီ-၇ အုပ်စု၏ ထောက်ခံမှုကို ရရှိခဲ့သည်။

တိုင်ကြားထားသော်လည်း တရုတ်အစိုးရနှင့် ပူးပေါင်းရန် အသင့်ရှိကြောင်း ဇွန်လ ၁၉ရက်တွင် သြစတြေးလျအစိုးရက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly