အမှုဆောင်တွေ အာမခံပယ်ချခံရပေမယ့် ဟောင်ကောင် Apple Daily သတင်းစာကို ဆက်လက် ထုတ်ဝေသွားမယ်

အမှုဆောင်တွေ အာမခံပယ်ချခံရပေမယ့် ဟောင်ကောင် Apple Daily သတင်းစာကို ဆက်လက် ထုတ်ဝေသွားမယ်
Photo - AFP

ဇွန် ၂၀

ဒီမိုကရေစီလိုလားတဲ့ ဟောင်ကောင် Apple Daily သတင်းစာတိုက်ရဲ့ အလုပ်အမှုဆောင်နှစ်ဦးကို ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းလိမ်လည်ကြံစည်မှု စွဲချက်တွေနဲ့ ဇွန်လ ၁၉ ရက်က တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပြီး ယင်းနောက် ၎င်းတို့နှစ်ဦးရဲ့ အာမခံလျှောက်ထားမှု ပယ်ချခံခဲ့ရပါတယ်။

အမျိုးသားလုံခြုံရေး ဥပဒေအောက်မှာ ခုလိုမျိုး အကြီးတန်း အမှုဆောင်နှစ်ဦး အာမခံပယ်ချခံခဲ့ရပေမယ့်လည်း Apple Daily သတင်းစာကိုတော့ ဆက်လက် ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ ယင်းသတင်းစာတိုက်ရဲ့ ဒုတိယအယ်ဒီတာချုပ် ချန်ပွေမန်က ဇွန်လ ၁၉ ရက်မှာ ပြောပါတယ်။

Apple Daily ရဲ့ အယ်ဒီတာချုပ် ရိုင်ယန် လောနဲ့ စီအီးအို ချီအန်း ကင်မ်ဟန်း တို့ နှစ်ဦးကိုတော့ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ တောင်းဆိုခဲ့တဲ့ သတင်းဆောင်းပါးတွေ ဖော်ပြခဲ့မှုနဲ့ပတ်သက်လို့ တရုတ်ရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေအောင် ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုပြီး စွပ်စွဲထားခဲ့တာဖြစ်ပါတယ်။

တရားခံ နှစ်ဦးဟာ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်တွေ နောက်ထပ် ဆက်လက်မကျူးလွန်တော့ဘူး ဆိုတာနဲ့ပတ်သက်လို့ တရားရုံးက ယုံကြည်နိုင်လောက်အောင် လုံလောက်တဲ့ အထောက်အထားမျိုး မတွေ့ရှိခဲ့ဘူး ဆိုပြီး ရာဇ၀တ် တရားသူကြီး ဗစ်တာ ဆို က ပြောပါတယ်။

ယင်းအတွက်ကြောင့် Apple Daily ရဲ့ အလုပ်အမှု‌ဆောင်နှစ်ဦးဟာ လာမယ့် သြဂုတ်လ ၁၃ ရက် နောက်ရုံးချိန်းအထိ ဆက်လက် ထိန်းသိမ်းခံထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့အတွက်လည်း သတင်းခန်းကနေ သိမ်းဆည်းထားခဲ့တဲ့ ကွန်ပြူတာအလုံး ၄၀ နဲ့ ဆာဗာ ၁၆ ခုကို စစ်ဆေးဖို့  အချိန်လိုနေသေးတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီဖြစ်စဥ်ကတော့ ဟောင်ကောင် မီဒီယာလုပ်ငန်းတစ်ခုကနေ ထုတ်ဝေဖော်ပြတဲ့ နိုင်ငံရေး အမြင်၊သဘောထားတွေကြောင့် အမျိုးသားလုံခြုံရေးဥပဒေအောက်မှာ အရေးယူမှုခံရတဲ့ ပထမဆုံးဖြစ်စဥ်လည်း ဖြစ်ပါတယ်။

ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်မှာ အမြင်သဘောကွဲလွဲ ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့ ပေကျင်းအာဏာပိုင်တို့က အဆိုပါ အမျိုးသားလုံခြုံရေးဥပဒေကို ယမန်နှစ်က ပြဋ္ဌာန်းထားခဲ့တာ ဖြစ်ပါတယ်။

Apple Daily နဲ့ ယင်းရဲ့ အကျဥ်းကျနေတဲ့ ပိုင်ရှင် ဂျင်မီ လိုင် တို့ဟာ ပြီးခဲ့တဲ့ကာလကြာကတည်းက တရုတ်အာဏာပိုင်တို့အတွက် ဆူးငြှောင့်ခလုတ်ဖြစ်နေခဲ့ပြီး အဆိုပါ သတင်းစာဟာ ဟောင်ကောင်ရဲ့ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုကို အစဥ် ထောက်ခံခဲ့သလို တရုတ်ရဲ့ အာဏာရှင်ဆန်တဲ့ ခေါင်း‌ဆောင်တွေကိုလည်း ထေ့ငေါ့ ဝေဖန်ရေးသားထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ရဲ၀န်ထမ်း ၅၀၀ လောက်ဟာ အဆိုပါ သတင်းစာတိုက်ရဲ့ သတင်းခန်းကို ၀င်စီးခဲ့ပြီး အလုပ်အမှုဆောင် ငါးဦး အဖမ်းခံခဲ့ရပါတယ်။ လော နဲ့ ချီအန်း တို့ကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့မှာ စွဲချက်တင်ခဲ့ပြီး အခြား သုံးဦးကတော့ အာမခံနဲ့ ပြန်လွတ်ခဲ့ပါတယ်။

“ဟောင်ကောင်မှာ ရှိတဲ့ မီဒီယာလုပ်သားတိုင်းဟာ ခုချိန်မှာ စိုးရိမ်ပူပန်နေကြရတယ်လို့ ကျွန်မထင်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ကတော့ ကျွန်မတို့ သတင်းစာကို မနက်ဖြန်လည်း ဆက်လက်ထုတ်ဝေသွားမှာဖြစ်ပါတယ်” လို့ အာမခံနဲ့ ပြန်လွတ်လာသူတစ်ဦးဖြစ်တဲ့ ဒုအယ်ဒီတာချုပ် ချန်ပွေမန်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly