ဆုံးရှုံးနိုင်ခြေရှိ အန္တရာယ်များကို မှားယွင်းဖော်ပြမှုအတွက် တရုတ် အီလက်ထရွန်းနစ် စီးကရက်ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံသူတစ်ဦးက တရားစွဲ

ဆုံးရှုံးနိုင်ခြေရှိ အန္တရာယ်များကို မှားယွင်းဖော်ပြမှုအတွက် တရုတ် အီလက်ထရွန်းနစ် စီးကရက်ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံသူတစ်ဦးက တရားစွဲ

တရုတ်အခြေစိုက် အီလက်ထရွန်းနစ်-စီးကရက် ကုမ္ပဏီတစ်ခုဖြစ်သည့် RLX Technology Inc., သည် အမေရိကန်၌ ယင်း၏ IPO (အစုရှယ်ယာများကို အများပြည်သူထံ ကနဦး ထုတ်ရောင်းချမှု) အတွက် စာရွက်စာတမ်းများ တင်ခဲ့ချိန်တွင် ဖြစ်နိုင်ခြေရှိ စည်းမျဉ်းဥပဒေဆိုင်ရာ အန္တရာယ်များနှင့်ပတ်သက်ပြီး မှားယွင်း‌တင်ပြထားခဲ့သလို ယင်း၏ ဘဏ္ဍာ‌ရေးပိုင်းနှင့်ပတ်သက်၍လည်း လွန်လွန်ကဲကဲ ဖော်ပြထားသည်ဟု ရင်းနှီးမြှုပ်နှံသူတစဦးက စွပ်စွဲပြီး အဆိုပါတရုတ်ကုမ္ပဏီကို တရားစွဲဆိုထားခဲ့သည်။

ရှယ်ယာရှင်တစ်ဦးဖြစ်သည့် အဲလက်ဇ် ဂါးနက်တ်က အမေရိကန် နယူးယော့ခ် တောင်ပိုင်းခရိုင် ခရိုင်တရားရုံးသို့ ဇွန်လ ၉ ရက်တွင် တင်သွင်းခဲ့သည့် တရားစွဲဆိုမှုအရ RLX ၏ ပြီးခဲ့သည့် အောက်တိုဘာအတွင်း မှတ်ပုံတင်မှုဆိုင်ရာ ထုတ်ပြန်ချက်ထဲတွင် အီး-စီးကရက်များ ရောင်းချခြင်းအပေါ် တင်းကျပ်မည့် တရုတ် စည်းမျဥ်းထိန်းသိမ်းရေးအဖွဲ့အစည်း၏ လုပ်ဆောင်ဆဲ အားထုတ်မှုများ၏ သက်ရောက်မှုကို ပယ်ချန်ထားခဲ့ကြောင်း စွပ်စွဲထားခဲ့သည်။

အမေရိကန် အစုရှယ်ယာလက်မှတ်နှင့် အိတ်စ်ချိန်း ကော်မရှင်က ထူထောင်ပြဋ္ဌာန်းထားသည့် စည်းမျဥ်းများအောက်တွင် ကုမ္ပဏီများအနေဖြင့် IPO တစ်ရပ်ကို ပေါ်ပေါက်စေသည့် အချိန် သို့မဟုတ် ရှေ့ကာလ ၀င်ငွေများကို တင်ပြရန် ဖြစ်နိုင်ဖွယ် မရှိသည့် မသေချာမရေရာမှုများ သို့မဟုတ် သိရှိထားပြီးသားဖြစ်သည့် မည်သည့် ဖြစ်စဥ်မဆိုကို ဖွင့်ဟထုတ်ဖော်ရမည် ဖြစ်သည်။

ဘဏ္ဍာရေး ထုတ်ပြန်ဖော်ပြချက်များ၏ တိကျမှန်ကန်မှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေခြင်းကြောင့် အမေရိကန် စတော့အိတ်စ်ချိန်းများတွင် ရောင်းချနေသည့် တရုတ်ကုမ္ပဏီများအပေါ် တိုးမြှင့် စစ်ဆေးစိစစ်မှုများ ရှိနေစဥ်အတွင်း ယခုကဲ့သို့ မစ္စတာ ဂါးနက်တ်၏ တရားစွဲဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မစ္စတာ ဂါးနက်တ်သည် အခြားသော RLX ရင်းနှီးမြှုပ်နှံသူများ ကိုယ်စား တရားစွဲဆိုမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စိစစ်စစ်‌ဆေးမှုများနှင့် ကြုံတွေ့ရသည့် ကုမ္ပဏီများထဲတွင် ကော်ဖီလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Luckin Coffee Inc., လည်း ပါ၀င်ပြီး ယင်း၏ ၀န်ထမ်းတစ်ချို့သည် အရောင်းပိုင်းတွင် ဒေါ်လာ သန်းရာချီ မမှန်မကန် လုပ်ကြံဖန်တီးထားခဲ့သည်ဆိုသည့် ဖွင့်ချမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယမန်နှစ်က Nasdaq စတော့စျေးကွက် စာရင်း၀င်အဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး သဘောထား မှတ်ချက်ပေးရန် ပန်ကြားချက်တစ်ရပ်ကို RLX က လက်တလော တုံ့ပြန်အဖြေပေးခြင်း မရှိပေ။

၂၀၁၈ ခုနှစ်က ထူထောင်ခဲ့သည့် ပေကျင်း အခြေစိုက် RLX သည် ဇန်န၀ါရီလက နယူးယော့ခ် စတော့အိတ်စ်ချိန်းတွင် အစုရှယ်ယာများကို အများပြည်သူထံ ထုတ်ရောင်းခဲ့သည်။ အဆိုပါ အစုရှယ်ယာ ရောင်းချမှုက ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံအထိ မတည်နိုင်ခဲ့ပြီး ယင်းသည် ပထမသုံးလပတ်အတွင်း အကြီးမားဆုံးသော ကမ္ဘာလုံးဆိုင်ရာ IPOs များအနက် တစ်ခုဖြစ်ခဲ့ကြောင်း ဒေတာအချက်အလက် ထောက်ပံ့မှုလုပ်ငန်း Dealogic Ltd အရ သိရသည်။ ထို့နောက်ပိုင်း တရုတ်တွင် ဖြစ်နိုင်ခြေရှိ စည်းမျဥ်းဥပဒေပိုင်း အပြောင်းအလဲများ၏ ရလဒ်တစ်ခု၏ တစ်စိတ်တစ်ဒေသအဖြစ် ယင်း၏ စတော့ရှယ်ယာတန်ဖိုးသည် သိသိသာသာ ကျဆင်းခဲ့သည်။ ဇွန်လ ၁၀ ရက်က RLX ၏ ရှယ်ယာများသည် ဒေါ်လာ ၉ ဒသမ ၁၅ နှုန်းဖြင့် ရောင်း၀ယ်ခဲ့ရာ ယင်းသည် ကုမ္ပဏီ၏ ဗွေဆောဦး ရှယ်ယာရောင်းချမှု နောက်ပိုင်း ၆၉ ရာခိုင်နှုန်းခန့် ကျဆင်းခြင်း ဖြစ်သည်။

အသက်မပြည့်သေးသူများ အီး-စီးကရက် သောက်ခြင်းကို ဟန့်တားထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် တရုတ် စည်းမျဥ်းထိန်းညှိရေး အာဏာပိုင်အဖွဲ့အစည်းသည် ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီများနှင့် စျေးကွက်များ၌ အွန်လိုင်းကနေတဆင့် အီး-စီးကရက် ရောင်းချခြင်းကို ရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်။ ထို့နောက် စည်းမျဥ်းထိန်းညှိရေး အာဏာပိုင်များသည် ၂၀၂၁ မတ်လတွင် အထက်ပါ

စီးကရက်များကို ဆေးရွက်ကြီး ထုတ်ကုန်များအဖြစ် သတ်မှတ်မည့် စည်းမျဥ်းများကို အဆိုပြုခဲ့ပြီး ယင်းတို့ကို ရောင်းချသော လုပ်ငန်းများအပေါ် စိစစ်စစ်‌ဆေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

RLX သည် အီး-စီးကရက် (vaping) ထုတ်ကုန်များကို တရုတ်တွင် ရောင်းချနေသော်လည်း ပုဂ္ဂလိက ထိန်းချုပ်သော RELX International သည် ယင်းတို့ကို နိုင်ငံခြားသို့ ဖြန့်ဖြူးသည်။

တရုတ်ကုမ္ပဏီသည် မှတ်ပုံတင်မှုဆိုင်ရာ ထုတ်ပြန်ချက်ထဲတွင် အချက်အလက်များကို မှားယွင်းဖော်ပြ၊ ချန်လှပ်မှုများ လုပ်ခဲ့သည့်အတွက် ယင်း၏ တစ်စိတ်တစ်ဒေသအားဖြင့် ရင်းနှီးမြှုပ်နှံသူများသည် RLX ၏ ရှယ်ယာများကို လူကဖန်တီးပြီး ဖောင်းပွမှုဖြစ်ထားစေသည့် စျေးနှုန်းများဖြင့် ၀ယ်ယူခဲ့ရကြောင်း တရားစွဲဆိုမှုတွင် စွပ်စွဲဖော်ပြထားသည်။ စတော့ရှယ်ယာ တန်ဖိုး ကျဆင်းချိန်တွင် RLX ၏ ရင်းနှီးမြှုပ်နှံသူများသည် ဒေါ်လာ သန်းရာချီ ဆုံးရှုံးခဲ့ရကြောင်းလည်း တရားစွဲဆိုမှုတွင် ပြောထားသည်။ မစ္စတာ ဂါးနက်တ်သည် ဒေါ်လာ ၂၇ ဒသမ ၈၇ စျေးနှုန်းတစ်ရပ်ဖြင့် အစုရှယ်ယာ ၃၀၀ ကို ၀ယ်ယူထားခဲ့ကြောင်း စာရွက်စာတမ်းများအရ သိရသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ပန်ကြားမှုကို မစ္စတာ ဂါးနက်တ်က တုံ့ပြန်အဖြေပေးခြင်း မရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly