စည်သူအောင်နှင့် သီဟထက်အောင်တို့အား ဘောလုံးအဖွဲ့ချုပ်မှ အရေးယူ

စည်သူအောင်နှင့် သီဟထက်အောင်တို့အား ဘောလုံးအဖွဲ့ချုပ်မှ အရေးယူ

မြန်မာ့လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား စည်သူအောင်အား လာမည့် ၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြုလုပ်ကျင်းပသည့် ပြိုင်ပွဲ ပွဲစဉ် (၆) ပွဲ ပါဝင်ကစားခွင့် မပြုရန်၊ ဒဏ်ကြေးငွေ ကျပ် ၄ သိန်း နှင့် ယူ-၂၁ လက်ရွေးစင် ကစားသမား သီဟထက်အောင်အား ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြုလုပ်ကျင်းပသည့် ပြိုင်ပွဲ ပွဲစဉ် (၃) ပွဲ ပါဝင်ကစားခွင့်မပြုရန်၊ ဒဏ်ကြေးငွေ (၂) သိန်း ပြစ်ဒဏ်ချမှတ်လိုက်သည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင်သတင်းထုတ်ပြန်လိုက်သည်။

စည်သူအောင်သည် ပြီးခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း၏ လက်ဘနွန်၊ လာအို အစရှိသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ မတိုင်မီ စခန်းဝင်လေ့ကျင့်ရန် ပျက်ကွက်မှု နှင့် သီဟထက်အောင်သည် ယူ-၂၁ လက်ရွေးစင်အသင်း စခန်းဝင်လေ့ကျင့်ရန် ပျက်ကွက်မှုတို့ကြောင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ယင်းပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စည်သူအောင်သည် လက်ရှိတွင် ရတနာပုံကလပ်အသင်း၌ အဓိကကွင်းလယ်ကစားသမားအဖြစ် ပါဝင်ကစားနေသလို ပြီးခဲ့သည့် စင်ကာပူဆီးဂိမ်းပြိုင်ပွဲ၌လည်း မြန်မာ ယူ-၂၃ အသင်း ငွေတံဆိပ်ဆု ရရှိအောင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။

သီဟထက်အောင်သည် ယခင် မြန်မာ ယူ-၁၉ အသင်း၌ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အာရှ ယူ-၁၉ ပြိုင်ပွဲ၊ ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲတို့တွင် အဓိက နောက်ခံလူအဖြစ် ပါဝင်ခဲ့သော်လည်း လက်ရှိ ရန်ကုန်ကလပ်အသင်းတွင်မူ ဒုတိယအကျော့ပွဲစဉ်များ၌ အသင်းနှင့်အတူ ပွဲထွက်ခွင့် ပျောက်ဆုံးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly