ကယားပြည်နယ် တိုက်ပွဲတွေ ယာယီရပ်ဆိုင်းမည်

17 June 2021
ကယားပြည်နယ် တိုက်ပွဲတွေ ယာယီရပ်ဆိုင်းမည်

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်ပေါင်း ၁ သိန်းကျော်ထိ ရှိလာနေတဲ့ အတွက် ဒေသခံပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် စစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ယာယီရပ်ဆိုင်းထားမှာဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့က အင်္ဂါနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နှစ်ဖက် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်တွင်း မြို့ရွာ အတော်များများ ထိခိုက်ပျက်စီးခဲ့တဲ့ အပြင် စစ်ဘေးဒုက္ခသည်ပေါင်း (၁)သိန်းကျော်ဖြစ်နေကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအခြေအနေ အရပ်ရပ်တွေကြောင့် ဒေသတွင်းမှာရှိတဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကနေ နှစ်ဖက် တိုက်ပွဲတွေ ယာယီ ရပ်ဆိုင်းထား စေလိုကြောင်း တောင်းဆိုလာတဲ့အတွက် KNDF တပ်ဖွဲ့တွေအနေနဲ့ တောင်းဆိုချက်တွေကို လက်သင့်ခံပြီး ထိုးစစ်တွေကို ယာယီရပ်ဆိုင်း ထားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့လည်း အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်သွားမယ်လို့ KNDF ကဆိုပါတယ်။ ဒီအတောအတွင်း စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေ အင်္ဂါနေ့တုန်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာ ဆိုရင်လည်း ပေါက် PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာထဲက အိမ်တွေကို မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly