ဗိုလ်ချုပ်ပါ ထွက်တိုက်ရပြီ

ဗိုလ်ချုပ်ပါ ထွက်တိုက်ရပြီ

ဇွန် ၁၅

မဆလ၊နဝတ၊နအဖခေတ်မှာ သမိုင်းဖျောက်ဖျက်ခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ကြီးဖြစ်တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်နဲ့သမိုင်းဟာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာမှ ပြည်သူတွေ ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။

ဦးနေဝင်း၊ ဦးသန်းရွှေတို့ရဲ့ စစ်အစိုးရလက်ထက်မှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံ ပုံရိပ်တွေကိုပါ ဖျောက်ဖျက်ခဲ့ကြပြီး ပိုက်ဆံတွေပေါ်မှာ တိရစ္ဆာန်ရုပ်ပုံတွေနဲ့ အစားထိုးထုတ်ဝေတာတွေကို ပြုလုပ်ခဲ့ပါတယ်။

 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့အစိုးရ အာဏာရရှိပြီးနောက်ပိုင်းမှာတော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံလွှာနဲ့ ငွေစက္ကူတွေကို ထုတ်ဝေပေးဖို့ အကြိမ်ကြိမ်ကြိုးစားပြီးနောက် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ တစ်ထောင်ကျပ်တန်ငွေစက္ကူတွေကို အနည်းငယ် ပြန်လည်ထုတ်ဝေနိုင်ခဲ့ပါတယ်။

ပြည်သူတွေဟာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ပိုက်ဆံတွေကို မြတ်နိုးလွန်းစွာနဲ့ မသုံးရက် မကိုင်ရက်ကြဘဲ မိမိတို့ ပိုက်ဆံအိတ်ထဲမှာ အမှတ်တရ သိမ်းဆည်းစုဆောင်းခဲ့ကြပြီး တောင်းဆိုမှုများပြားခဲ့တာကြောင့် ၂၀၁၉ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ ငါးရာကျပ်တန် ငွေစက္ကူကိုပါ ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်နဲ့ ထပ်မံထုတ်ဝေခဲ့ရပါတယ်။ ဗိုလ်ချုပ်ပုံ ပိုက်ဆံတွေဟာ ပြည်သူတွေရဲ့ အမြတ်တနိုးသိမ်းဆည်းရာဖြစ်ခဲ့ပြီး ပြင်ပငွေကြေးသုံးစွဲမှုတွေမှာ တွေ့ရှိရမှု အလွန်နည်းပါးပါတယ်။ သုံးစွဲဖို့ထက် မြတ်နိုးစွာ သိမ်းဆည်းသူများပြားနေတာမို့ ြ အမှတ်တရသိမ်းဆည်းထားတဲ့ ငွေစက္ကူအဖြစ်ကို ရှိနေခဲ့ပါတယ်။

တစ်ခါတစ်ရံ အရေးပေါ် ငွေကြေးလိုအပ်ချက်ကြောင့် ပိုက်ဆံအိတ်တွေအတွင်းမှာ အမှတ်တရ သိမ်းဆည်းထားတဲ့ ဗိုလ်ချုပ်ပုံပိုက်ဆံကို သုံးစွဲမိခဲ့ရင် “မတတ်နိုင်ဘူး ဗိုလ်ချုပ်ကိုယ်တိုင် ထွက်တိုက်ရပြီလေ”လို့ အပျော်သဘောနဲ့ လူတိုင်းနီးပါး ပြောဆိုတတ်ကြပါတယ်။ လစာလေးထုတ်အပြီး ငွေကြေးတွေ ပြန်လည်လည်ပတ်တာနဲ့ ဗိုလ်ချုပ်ရုပ်ပုံငွေစက္ကူတွေကို ပြန်လည်စုဆောင်းထားတတ်ကြပါတယ်။

၂၀၂၀ခုနှစ် မတ်လည်လောက်မှာ စတင်ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကပ်ဆိုးကို စတင်ကြုံတွေ့ခဲ့ရတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ အားနည်းသွားခဲ့ပြီး ပြည်သူတွေ ကြပ်တည်းခဲ့ကြရပါတယ်။ ဒီလိုအချိန်ကာလမှာတောင်မှ ဗိုလ်ချုပ်ပုံ ငွေစက္ကူတွေဟာ ပြည်သူတွေ လှည့်လည်သုံးစွဲနေတဲ့ ပြင်ပငွေကြေးသုံးစွဲမှုကို ရောက်ရှိလို့ မလာခဲ့သေးပါဘူး။

အခုတော့ ပြည်သူတွေဘဝ ဗိုလ်ချုပ် ကိုယ်တိုင် ထွက်တိုက်နေရပါပြီ။ မိမိတို့ ပိုက်အိတ်ငယ်လေးတွေထဲမှာ အမြတ်တနိုးသိမ်းဆည်းထားတဲ့ ဗိုလ်ချုပ်ရုပ်ပုံပိုက်ဆံလေးတွေကို စွန့်လွှတ်ပြီး ဝမ်းရေးကို ဖြေရှင်းနေကြရပါပြီ။

ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နောက်ဆုံးသက်တမ်းတိုးထားတဲ့ ၆၅နှစ်အပြီး ပင်စင်ယူရမှာကို ကြောက်ရွံ့၊ အာဏာကို အငမ်းမရလိုချင်စိတ်၊ ပြည်သူတွေ ထောက်ခံခြင်းမရှိဘဲ သမ္မတလုပ်ချင်နေတဲ့ အလိုကို မပြည့်နိုင်မှန်းသိတဲ့အချိန်မှာ မဲစာရင်းမှားယွင်းမှုတွေရှိနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းယူခဲ့ပြီးနောက်မှာ နိုင်ငံ့စီးပွါးရေးဟာ လုံးဝပြိုလဲသွားခဲ့ပါတယ်။ အာဏာလုပြီး ၃လကျော်အကြာမှာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ပျက်စီးသွားရတဲ့ လုပ်ငန်းတွေကြောင့် စားဝတ်နေရေးအတွက် လွန်စွာကို ရုန်းကန်နေကြရတဲ့ ဘဝကို ရောက်ရှိခဲ့ပါပြီ။

“အစ်ကို သတိထားမိနေတာ သုံးပတ်လောက်ရှိနေပြီ အရင်က ဗိုလ်ချုပ်ပုံပိုက်ဆံတွေက တစ်ပတ်လုံးနေလို့ ဆယ်ရွက်လောက်တောင် မတွေ့ရဘူး၊ အခုဆို ညဖက်ဆိုင်သိမ်းလို့ ငွေစစ်လိုက်ရင် နေ့တိုင်းလိုလို ဗိုလ်ချုပ်ပုံပိုက်ဆံတွေက ဆယ်ရွက်ဆိုတာ အနည်းလေးပါပါလာတယ်၊ ပိုက်ဆံတွေကို ကြည့်လိုက်ရင်လဲ သိမ်းထားတဲ့ ပိုက်ဆံတွေဆိုတာ သိသာတယ်၊ ပိုက်ဆံအသစ်က ဒီကောင်တွေလက်ထက်မှာ ရိုက်လို့မှမရတာ ၊အတုလား အစစ်လား သေချာကြည့်ပြီးပြီး ပိုက်ဆံအားလုံးက အစစ်တွေ၊ လူတွေလည်း ငွေရှားလွန်းတော့ သိမ်းထားတာလေးတွေကို မသိမ်းနိုင်တော့ဘဲ ထုတ်သုံးတာဖြစ်နိုင်တယ်၊ ဗိုလ်ချုပ်ပုံပိုက်ဆံတွေက တစ်သောင်းတန်နဲ့ တစ်ထောင်တန် ငါးထောင်တန်နဲ့ ငါးရာတန် ဆင်နေတော့ ဆိုင်မှာမမှားရအောင်တောင် အခုမှာထားရတယ်”လို့ မရမ်းကုန်းမြို့နယ် ဈေးတစ်ခုအနီးမှာ ဆန်ဆိုင်ဖွင့်ထားသူ တစ်ဦးကပြောပါတယ်။

နေ့စဉ်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ အာဏာရူးစစ်ကောင်စီရဲ့ ရမ်းကားမှုကြောင့် ပျောက်ဆုံးသွားတဲ့ အလုပ်အကိုင်အခွင့်အလန်းတွေကြောင့် ပြည်သူတွေဟာ သူတို့မြတ်နိုးစွာ သိမ်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူတွေကိုပါ စွန့်လွှတ်ပြီး ဝမ်းရေးကို ဖြေရှင်းနေကြရပါပြီ။

“ကြက်ဥတောင် တစ်ထောင်ဖိုး ၈လုံးလေ အစ်ကိုရာ၊ ဗိုလ်ချုပ်ပုံပိုက်ဆံတွေ ဝေသေးတယ်လေ အဲ့တုန်းက ကျွန်တော်မရမက သွားတန်းစီပြီး ယူထားတာ၊ ရလာတော့ ကျွန်တော့်ပိုက်ဆံအိတ်က အကြည်အကန့်မှာ ဗိုလ်ချုပ်ပုံလေးပေါ်အောင် ခေါက်ချိုးလေးချိုးပြီး အမြဲထည့်ထားတာ၊ အစ်မက လစာထုတ်တော့ ရလာတာရှိသေးတယ် အကုန်လုံးသိမ်းထားကြတာ၊ လိုချင်တဲ့ သူငယ်ချင်းတွေကိုလဲပေးပြီး ခြင်္သေ့ပုံပိုက်ဆံနဲ့ လဲသုံးတာတော့ရှိတာပေါ့ အရင်က အစ်မကဝန်ထမ်းဆိုတော့ ခဏခဏရတယ်လေ၊ အခုတော့ မထားနိုင်တော့ဘူး မတတ်နိုင်ဘူး အကုန်သုံးရတော့တာပဲ၊ ပိုက်ဆံမှမရှိတာကိုးအစ်ကိုရ”လို့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးကပြောပါတယ်။

ပြည်သူတွေ မြတ်နိုးစွာ သိမ်းဆည်းထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူတွေဟာ ပြင်ပငွေကြေးသုံးစွဲမှုထဲကို သိသိသာသာကိုရောက်ရှိလာတာ ပြည်သူတွေရဲ့ ငတ်မွတ်ခေါင်းပါးလာမှုကို သိသာနေစေပါတယ်။

အာဏာရူးစစ်ကောင်စီရဲ့ ဘယ်သူသေသေ ငတေမာဖို့အရေးလုပ်ဆောင်မှုတွေကြောင့် ပြည်သူတွေအတွက်တော့ ဗိုလ်ချုပ်ကိုယ်တိုင် ထွက်တိုက်နေရပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required