မီးလောင်နစ်မြုပ်ခဲ့တဲ့ ကုန်တင်သင်္ဘောကပ္ပတိန်ကို သီရိလင်္ကာ ဖမ်းဆီး

မီးလောင်နစ်မြုပ်ခဲ့တဲ့ ကုန်တင်သင်္ဘောကပ္ပတိန်ကို သီရိလင်္ကာ ဖမ်းဆီး
Photo - AFP

ဇွန် ၁၅

သီရိလင်္ကာနိုင်ငံ ကမ်းလွန်မှာ သီတင်းပတ်နှစ်ပတ်နီးပါးကြာ မီးလောင်ခဲ့ပြီး နစ်မြုပ်ခဲ့တဲ့ ကွန်တိန်နာ သင်္ဘောတစ်စင်းရဲ့ ရုရှားနိုင်ငံသား မာလိန်မှူးဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးဖြစ်ကြောင်းနဲ့ ၎င်းကို ပင်လယ်ရေကြောင်း ညစ်ညမ်းမှုအတွက် စွဲချက်တင်သွားဖွယ် ရှိကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ဇွန်လ ၁၄ ရက်မှာ ပြောပါတယ်။

သီရိလင်္ကာရဲ့ ပြည်တွင်းကမ်းခြေတွေဆီ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းတွေ စုပုံရောက်ရှိစေခဲ့ပြီး နိုင်ငံ သမိုင်းမှာ အဆိုး၀ါးဆုံး ပင်လယ်ရေကြောင်း ဘေးဒုက္ခဆိုးတစ်ခုကို ဖြစ်စေခဲ့တဲ့ အဆိုပါ သင်္ဘော အော်ပရေတာတွေဆီကနေ နစ်နာကြေး ဒေါ်လာ သန်း ၄၀ တောင်းခံဖို့ သီရိလင်္ကာ အာဏာပိုင်တွေက ကြိုးပမ်းနေပါတယ်။

စင်္ကာပူမှာ မှတ်ပုံတင်ထားတဲ့ MV X-Press Pearl ရဲ့ ကပ္ပတိန်ဖြစ်တဲ့ ဗစ်တာလီ တီယွတ်ကယ်လိုကတော့ ဇွန်လ ၁၄ ရက်က ကိုလံဘိုမြို့က ၎င်းတည်းခိုရာ ဟိုတယ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ၎င်းဟာ တရားရုံးချုပ်မှာ စစ်ဆေးမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အာမခံနဲ့ ပြန်လွတ်ထားခဲ့ပါတယ်။

“တရား၀င် စွဲချက်တွေတော့ မတင်ရသေးပါဘူး၊ ဒါပေမယ့် ပင်လယ်ရေကြောင်း ညစ်ညမ်းမှု တားဆီးကာကွယ်ရေး အက်ဥပဒေအောက်မှာ ပြစ်မှုတစ်ခုကို သူကျူးလွန်ထားခဲ့တယ်ဆိုတဲ့ သံသယနဲ့ တရားရုံးမှာ သူ့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ထားခဲ့ပါတယ်” လို့ သီရိလင်္ကာရဲတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

သင်္ဘောကပ္ပတိန် ဗစ်တာလီရဲ့ ပတ်စ်ပို့ကတော့ ကနဦးကတည်းက သိမ်းဆည်းခံထားရပြီး ၎င်းဟာ ပင်လယ်ရေကြောင်းကိစ္စတွေကို ဆုံးဖြတ်စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးဆီ လာမယ့် ဇူလိုင် ၁ ရက်မှာ ပြန်လာရမှာဖြစ်တယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

ရုရှားနိုင်ငံသားတစ်ဦးပဲဖြစ်တဲ့ သင်္ဘော အင်ဂျင်နီယာချုပ် အိုလက်ဂ် ဆက်ဒီလန်ကို နဲ့ အိန္ဒိယနိုင်ငံသား အရာရှိချုပ် ပီတာ အေနစ်ရှ် တို့ရဲ့ ပတ်စ်ပို့တွေလည်း သိမ်းဆည်းခံထားရပါတယ်။

အဆိုပါ သုံးဦးစလုံးကိုတော့ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု မစခင် ရဲက စစ်‌ဆေးမေးမြန်းမှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly