ဝီဂါတို့အပေါ် ဆိုးရွားသည့် ရာဇဝတ်မှုကျူးလွန်မှုအား စစ်ဆေးရန် နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေများက ICC ကို တိုက်တွန်း

ဝီဂါတို့အပေါ် ဆိုးရွားသည့် ရာဇဝတ်မှုကျူးလွန်မှုအား စစ်ဆေးရန် နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေများက ICC ကို တိုက်တွန်း

မွတ်စလင် တိုင်းရင်းသားအုပ်စုဖြစ်သည့် ဝီဂါတို့အပေါ် ဆိုးရွားသည့် ရာဇဝတ်မှု ကျူးလွန်ခြင်းအား စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေးရှေ့နေများက အထောက်အထားများ ပါဝင်သည့် အမှုတွဲကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC ) သို့ တင်လိုက်သည်။

ICC အဖွဲ့ဝင်မဟုတ်သော တရုတ်နိုင်ငံအား ဝီဂါများအပေါ် ညှဉ်းပန်းနှိပ်စက်သည်ဆိုသော စုံစမ်းမှုလုပ်ဆောင်ရန် နိုင်ငံတကာ လူ့အခွင့်အရေး ရှေ့နေများက မကြာသေးမီက ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။

အမှုတွဲတွင် ဝီဂါများသည် ပြစ်မှတ်ထားခံရကြောင်း၊ ဖိနှိပ်ခံရသလို အစဖျောက်ခံရခြင်းနှင့် တရုတ်က လျှို့ဝှက်ခိုင်းစေထားသူများက ဝီဂါများကို တာဂျစ်ကစ္စတန်မှ ရှင်ကျန်းဒေသအတွင်းသို့ နှင်ထုတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ရှေ့နေများက ဖော်ပြထားကြောင်း ကြေညာချက်တွင် ပါရှိသည်။

တာဂျစ်ကစ္စတန်တွင် တရုတ်က တိုက်ရိုက်ဝင်ရောက် စွက်ဖက်နေကြောင်းလည်း ၎င်းတို့က ပြောကြားသည်။ တာဂျစ်ကစ္စတန်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် လုပ်ဆောင်ချက်များအတွက် ဆောင်ရွက်ရန် ICC တွင် အခွင့်အာဏာရှိကြောင်းနှင့် မကြန့်ကြာစေဘဲ စုံစမ်းမှုကို လုပ်ဆောင်ရန် အဆိုပါ ရှေ့နေများက တိုက်တွန်းခ့သည်။

မြန်မာတပ်ဖွဲ့များက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အတွင်းသို့ ရိုဟင်ဂျာ သိန်းနှင့်ချီ၍ ထွက်ပြေးစေခဲ့ခြင်းအပေါ် စွပ်စွဲမှုများအား ICC က စုံစမ်းမှုပြုသကဲ့သို့ လူ့အခွင့်အရေး ရှေ့နေများက ယခုကဲ့သို့ တိုင်ကြားမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်က အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

ရိုဟင်ဂျာများနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံ၏ နယ်မြေပိုင်နက်တွင် ရာဇဝတ်မှုနှင့် သက်ဆိုင်သည့် အကြောင်းအရာတစ်ခုခု ဖြစ်ပွားပါက တရားရုံးအနေဖြင့် အဆိုပါရာဇဝတ်မှုများနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးသွားမည်ဟု ICC ၏ တရားသူကြီး အဖွဲ့က ၂၀၁၉ ခုနှစ်တွင်ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

ယမန်နှစ် ဇူလိုင်လအတွင်းကလည်း အဝေးရောက် ဝီဂါတက်ကြွလှုပ်ရှားသူများကို ကိုယ်စားပြုသည့် ရှေ့နေများက ကမ္ဘောဒီးယားနှင့် တာဂျစ်ကစ္စတန်မှ ဝီဂါထောင်ပေါင်းများစွာကို အတင်းအဓမ္မနေရပ် ပြန်ပို့ခြင်းနှင့် ရှင်ကျန်းဒေသတွင် လူမျိုးတုန်းသတ်ဖြတ်ခံရမှုတို့အား စုံစမ်းပေးရန် ICC သို့ တိုင်ကြားခဲ့သည်။

ဒီဇင်ဘာလက ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ICC ရှေ့နေများက စွပ်စွဲမှုများနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် စုံစမ်းစစ်ဆေးမှုလုပ်ရန် အနေအထားမရှိကြောင်း ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရှေ့နေများတင်ခဲ့သည့် အမှုတွဲတွင် ၎င်းတို့၏ တွေ့ရှိချက်များသည် မျက်မြင်သက်သေတို့၏ ထွက်ဆိုချက်များနှင့် ICC အဖွဲ့ဝင် တာဂျစ်ကစ္စတန်အပါအဝင် အခြားနိုင်ငံများ၌ စုံစမ်းစစ်ဆေးမှုများအပေါ် အခြေခံထားကြောင်း ရှေ့နေများက ပြောကြားသည်။

“တွေ့ရှိချက်တွေအရ ICC မှာ စုံစမ်းမှု လုပ်ဖို့ အခွင့်အာဏာရှိတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ရှေ့နေများက ပြောသည်။

တရုတ်အစိုးရက စွပ်စွဲချက်များအပေါ် ငြင်းဆိုထားပြီး ဖွင့်လှစ်ထားသည့် စခန်းများသည် တရုတ်ဘာသာစကား၊ လုပ်ငန်းခွင့်ကျွမ်းကျင်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေမည့် ဥပဒေတို့ကို သင်ကြားရန်နှင့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် ဖြစ်ကြောင်း ပြောကြားထားသည်။

၂၀၁၆ နှစ်အတွင်း ရှင်ကျန်းဒေသနှင့် ဆက်စပ်သည့် အကြမ်းဖက် တိုက်ခိုက်မှုအများအပြား ဖြစ်ပွားခဲ့သည်ဟု တရုတ်အစိုးရက သတ်မှတ်ထားသည်။

နိုင်ငံတကာ လူ့အခွင့်အရေး ရှေ့နေများက တင်လိုက်သည့် အမှုတွဲအပေါ် သည်ဟိတ်မြို့ရှိ တရုတ်သံရုံးက မှတ်ချက်ပေးထားခြင်း မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required