ရတနာပုံအသင်း လူငယ်ကစားသမားအချို့ကို အငှားချရန် စီစဉ်

ရတနာပုံအသင်း လူငယ်ကစားသမားအချို့ကို အငှားချရန် စီစဉ်
ရတနာပုံအသင်း လူငယ်ကစားသမားများကို လေ့ကျင့်ရေးကွင်း၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ရွှေဘုတ်)

ဒီဇင်ဘာ ၅၊ ရန်ကုန်။             ။ မြန်မာနေရှင်နယ်လိဂ် ကလပ် ရတနာပုံအသင်းသည် အသင်းမှ လူငယ်ကစားသမားအချို့အား ပွဲထွက်ကစားခွင့် ရစေရန်အတွက် အငှားချရန် စီစဉ်မှုများ   ပြုလုပ်သွားမည် ဟု အသင်းအထွေထွေမန်နေဂျာ ဦးအောင်ထွန်းဦးက ပြောသည်။

ရတနာပုံအသင်းသည် လက်ရှိတွင် အောင်သူ၊ ရှိုင်းသူရ၊ လှိုင်းဘိုဘို စသည့် လူငယ်ကစားသမားများဖြင့် အားပြုကစားလျက်ရှိပြီး ဇင်မင်းထွန်း၊ ဝင်းနိုင်ထွန်း၊ ဟိန်းနေဆန်း စသည့် ကစားသမားလေး များလည်း ပွဲထွက်ခွင့်ရချိန်၌ ခြေစွမ်းပြကစားလျက်ရှိကာ သက်တမ်းအလိုက် လက်ရွေးစင်ကစားသမားများနှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်။

“ ဇင်မင်းထွန်းက ကမ္ဘောဇအသင်းကို အငှားချတယ် ဆိုတာ မဟုတ်ပါဘူး။ အသင်းနဲ့ ညှိနှိုင်းတုန်းပဲ ရှိပါသေးတယ်။ သူ့အနေနဲ့ လာမယ့် ဒီဇင်ဘာဆို စာချုပ်သက်တမ်းပြည့်ပါပြီ။ တကယ်လို့ သူ့အနေနဲ့ ကမ္ဘောဇနဲ့ ညှိပြီး အပြီးပြောင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အသင်းက စာချုပ်သက်တမ်းရှိသေးတဲ့ လူငယ်ကစားသမားလေးတွေကို လည်း အငှားချတာမျိုး လုပ်ဖို့တော့ ရှိပါတယ်။ အဓိကက သူတို့ကို ပွဲထွက်ကစားခွင့်ရစေချင်လို့ပါ။ ပြည်တွင်းကစားသမား ထပ်ခေါ်ဖို့ အစီအစဉ်တော့ မရှိသေးပါဘူး ” ဟု ဦးအောင်ထွန်းဦးက ပြောသည်။

ရတနာပုံကလပ်အသင်းသည် လာမည့်နှစ် ဘောလုံးရာသီသစ်အကြိုပြင်ဆင်မှုအနေဖြင့် ကမ္ဘောဇအသင်းမှ သိန်းသန်းဝင်း အပါအဝင် လက်ရွေးစင်ဂိုးသမား ရန်အောင်လင်းနှင့် ယူ-၁၉ လက်ရွေးစင် အသင်းခေါင်းဆောင် ရဲရင့်အောင် တို့ကို ခေါ်ယူအားဖြည့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly