ပညာရေး အရေးကြီးသည်

ပညာရေး အရေးကြီးသည်
Photo - CJ

ဇွန် ၁၃

မြန်မာပြည်မှာ ကျောင်းတွေပြန်ဖွင့်တော့ ကလေးတွေကို မအပ်တဲ့မိဘတွေက အများစု။ အနည်းစုကတော့ အပ်ကြတယ်။ ကျောင်းပြန်အပ်တဲ့မိဘတယောက်ကတော့ သူ့ကလေးကို ပညာရေး နောက်ကျမခံနိုင်ဘူးလို့ ပြောတယ်။ ပိုက်ဆံတတ်နိုင်သူတွေကတော့ ပုဂ္ဂလိကအခပေးကျောင်းတွေမှာ သူတို့ကလေးတွေကို တောက်လျှောက်ကျောင်းဆက်ထားနိုင်ကြတယ်။ ကျောင်းပြန်တက်နေတဲ့ ရန်ကုန်က ၈ တန်းကျောင်းသူ လေးတယောက်နဲ့ စကားစမြည် ပြောဖြစ်တယ်။ ကိုယ်ကလဲ အင်္ဂလိပ်စာနဲ့ ဝိဇ္ဇာဘာသာရပ်တွေကို ဘယ်လို သင်ကြသလဲဆိုတာ စိတ်ဝင်စားလို့။ သူ့ဆီက ကြားလိုက်ရတာတွေကတော့ အတော်ကို ဟင်ကနဲ ချယူရ လောက်တယ်။ 

အင်္ဂလိပ်စာဆရာမက အသံထွက်တွေ မှားနေတယ်တဲ့။ ဖြစ်ချင်တော့ အဲကလေးက လေ့လာအားအရမ်း ကောင်းတယ်။ ဘာသာဗေဒနဲ့ ပတ်သက်ရင် အတော်ကို အထုံပါရမီရှိတယ်လို့ ပြောရမယ်။ ပုံမှန်အစိုးရ ကျောင်းတက်၊ အင်တာနက်က ဟိုဟာကြည့်၊ ဒီဟာသင်နဲ့ သူပြောတဲ့ အင်္ဂလိပ်စကားက ပုဂံမှာတွေ့ခဲ့တဲ့ ဧည့်လမ်းညွှန်အချို့ထက် အတော်သာတယ်။ စာလုံးတွေလဲ အများကြီးသိတယ်။ အဲလိုကလေးမျိုးအတွက် ကိုယ်ရေးလိုက်တဲ့စာလုံးကို အသံမထွက်တတ်တဲ့ ဆရာမအတန်းထဲမှာ ထိုင်နေရတာ အတော်ကို ဝဋ်ခံနေရ သလိုမျိုး ဖြစ်နေမှာ။ အသံမထွက်တတ်တဲ့စာလုံးတွေကလဲ ခက်ခက်ခဲခဲစာလုံးတွေ မဟုတ်ဘူး။ အတော်ကို အခြေခံကျတဲ့ စာလုံးတွေ။ အဲကလေးကတော့ ဆရာမကို ကြောက်တာရော၊ မြန်မာပြည်မှာ ဆရာကို ပြန်မပြောရ၊ မဝေဖန်ရဆိုတဲ့ အယူအဆနဲ့ ကြီးလာတာရယ်ရောဆိုတော့ မှားလဲ မထောက်ရဲဘူး။ စိတ်မ ကောင်းစရာကတော့ သူ့လို အမှန်ကိုမသိတဲ့ တခြားကျောင်းသားတွေက ဆရာမမှားထွက်တဲ့အသံကို အမှန် ထင်ပြီး လိုက်ဆို။ သူတို့လဲ အမှားတွေထွက်လာကြမှာကိုပဲ။ 

သင်တဲ့လူက အမှားတွေသင်။ နောက်ကလိုက်ဆိုတဲ့ တပည့်ကလဲ အမှားတွေဆို။ သူတို့က ပြန်သင်တဲ့ နောက်မျိုးဆက်တွေကလဲ အမှားတွေဆို။ အမှားသံသရာထဲက ထွက်ဖို့ အတော်ကို ခဲယဉ်းတယ်။ ကျွန်တော်ကလဲ အဲကလေးကို ဘာလို့ဆရာမကို အမှားမပြင်ပေးလိုက်တာလဲဆိုတော့ ဆရာမဆိုတော့ မပြောရဲဘူးတဲ့။ ပြောလို့လဲ မသင့်ဘူးတဲ့။ ပညာရေးဆိုတာ သင်္ချာတွက်တတ်ဖို့၊ ဓါတုဗေဒ ညီမျှခြင်းတွေ ရွတ်တတ်ဖို့နဲ့ အင်္ဂလိပ်စကားလုံးတွေ သိဖို့တင်မကဘူး။ တွေးရဲခေါ်ရဲ၊ ပြောရဲဆိုရဲ ရတယ်။ ဆရာမရဲ့ အလုပ်က စာသင်ဖို့။ အင်္ဂလိပ်စာသင်တဲ့ဆရာမရဲ့ အလုပ်က အင်္ဂလိပ်စာသင်ဖို့။ အင်္ဂလိပ်စာဆရာမ သင်္ချာမ တတ်တာ ပြဿနာမရှိပေမယ့် အင်္ဂလိပ်စာမတတ်တာ ပြဿနာရှိတယ်။ မတတ်ဘဲ သင်နေတာကို တတ်တဲ့ ကလေးက ဆရာမမို့လို့ ပြန်မထောက်ပြရဲတဲ့ အတွေးအခေါ်အယူအဆကို နှစ်ရှည်လများ ထည့်သွင်းသွန် သင်ထားတဲ့ ပညာရေးစနစ်က မတတ်ခြင်းကနေ မတတ်ခြင်းတွေဆီကို ဦးတည်သွားနေဦးမယ်။ 

မိတ်ဆွေတချို့ကတော့ ထောက်ပြတယ်။ နိုင်ငံခြားတက္ကသိုလ်ကြီးတွေမှာ တက်နေကြတဲ့ မြန်မာကျောင်း သားတွေ ရှိတယ်။ နိုင်ငံခြားမှာ အလုပ်အကိုင်ကောင်းကောင်းရနေတဲ့ မြန်မာပညာတတ်တွေ ရှိတယ်တဲ့။ ဟုတ်တယ်။ ရှိကြတယ်။ ကျွန်တော်ကိုယ်တိုင်လဲ တွေ့ခဲ့ရတယ်။ ကျောင်းနေဖက်ထဲမှာ နိုင်ငံခြားတိုင်းပြည် တွေမှာ အထူးကုဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာတွေ၊ ကွန်ပြူတာပညာရှင်တွေ ဖြစ်နေကြတဲ့လူတွေ ရှိ တယ်။ သူတို့အများစုမှာ တူညီတဲ့ အချက်၂ ချက်ရှိတယ်။ တချက်က အင်မတန်ကြိုးစားတယ်၊ ညဏ်ရည် ညဏ်သွေးပြည့်၀တယ်။ နောက်တချက်က မိဘနောက်ခံက ငွေကြေး အနည်းနဲ့အများ ပြည့်စုံကြတယ်။ အဆက်အသွယ်ကောင်းတယ်။ 

မြန်မာပြည်က လူချွန်လူမွန်တယောက်အကြောင်းကို သူငယ်ချင်းတယောက်က ဂုဏ်ယူပြီးပြောတယ်။ အမေရိကန်ပြည်ထောင်စုက အကောင်းဆုံးတက္ကသိုလ်ကြီးတွေထဲက တခုက ဘွဲ့ရခဲ့သူပေါ့။ အဲ တက္ကသိုလ် ကြီးက ကောင်းလိုက်တာမှ ရှယ်ကို ကောင်းတာ။ အဲလို တက္ကသိုလ်မျိုးမှာ မြန်မာကျောင်းသား တယောက် အောင်အောင်မြင်မြင်နဲ့ ဘွဲ့ရခဲ့တာ ကျွန်တော်လဲ ဂုဏ်ယူပါတယ်။ မိတ်ဆွေက ဆက်ပြောတယ်။ သူ့မိဘတွေ က ချမ်းသာပေမယ့် သူက ကြိုးစားတယ်တဲ့။ သူ့အဖိုးအဖွားကလဲ အမေရိကားမှာရှိနေပေမယ့် ကိုယ့်ဘာ သာကိုယ်ရှာစားပြီး ကျောင်းတက်ခဲ့တာတဲ့။ အဲသည့်မှာ ကျွန်တော်စဉ်းစားမိတာတခုရှိတယ်။ အဲမြန်မာပ ညာတတ်ကြီးက မချမ်းသာတဲ့မိဘက မွေးလာခဲ့ရင်၊ အဖိုးအဖွား မိဘဆွေမျိုးက နိုင်ငံခြားမှာ မရှိခဲ့ရင် သူ့ ဘ၀ အဲလောက်အောင်မြင်ဦးမလားဆိုတာ။ သူရဲ့ ညဏ်ရည်ညဏ်သွေးနဲ့ ကြိုးစားအားထုတ်မှုကို သံသယ လုံး၀မရှိဘူး။ ဒါပေမယ့် အဲလို ဘ၀ပေးအခြေအနေမျိုးမရှိခဲ့ရင် သူလဲ အင်မတန်ကိုအောင်မြင်သူတယောက် မဖြစ်လာဘဲ တော်ရုံတန်ရုံ ဒေါ်လာစားပြည်တွင်းမှာ လုပ်နေတဲ့ လခစားဝန်ထမ်းများ ဖြစ်လားမလားဆိုတာ တွေးမိတယ်။ 

ဒီရောက်လာခါစတုန်းက ပျင်းနေမှာစိုးလို့ ရန်ကုန်က အဖေပို့ခဲ့ဖူးတဲ့ စာအုပ်တအုပ်ထဲကလို တွေးမိတယ်။ အခွင့်အရေးသာမရှိရင် အရည်အချင်းဟာ ထင်သလောက် မတက်လာဘူးဆိုတာ။ 

မြန်မာပြည်ကလူတွေတင်မကဘူး။ ဆင်းရဲ၊ မဖွံ့ဖြိုး၊ မတိုးတက်တဲ့နိုင်ငံကလူတွေလဲ အဲလို ပြောလေ့ပြော ထရှိတယ်။ တိုင်းပြည်မှာ ရှားရှားပါးပါး ချွန်မွန်ထွက်နေတဲ့လူတွေအကြောင်းကို အတော်ပြောကြတယ်။ ချမ်းသာ၊ ဖွံ့ဖြိုး၊ တိုးတက်တဲ့နိုင်ငံတွေနဲ့ ကွာတာကတော့ သူတို့ဆီမှာ အဲလိုတော်ဖို့၊ အဲလိုထက်မြက်ဖို့ အဲ လောက် မိဘနောက်ခံ၊ ဘ၀ပေးအခြေအနေ မလိုဘူး။ ကျွန်တော်တို့ရဲ့ ပညာရေးကဏ္ဍဘယ်လောက်ကောင်း သလဲဆိုတာ အဲလို လက်တဆုပ်စာ လူချွန်လူမွန်တွေနဲ့ တိုင်းလို့မရဘူး။ မိသားစုကျောထောက်နောက်ခံလဲ မကောင်း၊ ငွေကြေးလဲ ဆင်းရဲတဲ့မိသားစုတွေက ကလေးတွေ သူတို့ရဲ့ လေးပုံတပုံ၊ ငါးပုံတပုံလောက် အောင်မြင် လာနိုင်သလားဆိုတာနဲ့ တိုင်းတယ်။ လူတော်တယောက်ရှိရုံနဲ့ တိုးတက်တယ်လို့ မခေါ်နိုင် ပေမယ့် အထိုက် အလျောက်တော်တဲ့ လူအယောက် ၁၀၀ လောက် ရှိရင်တော့ တိုးတက်ဖွံ့ဖြိုးမှုက အတော်ကို နီးစပ်လာပြီ။ 

ဂျာမနီဆိုတာ ကမ္ဘာပေါ်မှာ အင်ဂျင်နီယာအတော်များတဲ့ တိုင်းပြည်။ ထုတ်လိုက်တဲ့ ကားတွေ၊ စက်ပစ္စည်း တွေကလဲ မနည်းမနောပဲ။ အဲဒါတွေကို ထုတ်နေတဲ့ အင်ဂျင်နီယာအတော်များများက မြန်မာအခေါ်အရဆို ဘီအီးအဆင့်တွေ မဟုတ်ဘူး။ ဂျီတီအိုင်အဆင့်တွေ။ သူ့အဆင်နဲ့သူ ထိုက်တန်တဲ့ ပညာရပ်တွေကို သင်‌ ပေးထားတယ်။ ဘီအီးဘွဲ့ကိုင်ထားပြီး ဂျီတီအိုင်အဆင့်လောက် မတတ်တဲ့လူတွေကို မွေးမထုတ်ဘဲ ဂျီတီ အိုင်အဆင့်ကို သေချာအဆင့်မီအောင် မွေးထုတ်ပေးနိုင်တဲ့ ဂျာမန်ပညာရေးက ချီးကျုးဖို့ ကောင်းတယ်။ ဘွဲ့ကြီးတွေတသီတတန်းကြီး စွတ်ပေးဖို့ထက် ဘွဲ့နဲ့ ထိုက်တန်တဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုကို အလေးပေး တဲ့ ပညာရေးရှိလို့လဲ ဂျာမနီက အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နဲ့ ယှဉ်ပြီး ကမ္ဘာပေါ်မှာ ပို့ကုန်အများဆုံး ပို့နိုင်တဲ့ နိုင်ငံတွေထဲမှာ ပါနေတာဖြစ်တယ်။ 

ပညာရေးက သိပ်အရေးကြီးတယ်။ ငွေကြေးချမ်းသာကြွယ်၀မှုနဲ့ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအပြင် စိတ်ဓါတ် ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲနိုင်ဖို့လဲ ပညာရေးက အရေးကြီးပြန်တယ်။ သူငယ်ချင်းဆရာဝန်တယောက်က သူ့မိန်းမကို ဒေါသထွက်ရင် လက်ပါတတ်တတယ်လို့ ကြားရတယ်။ ပညာရေးသင်ကြားမှုတွေသာ သင်္ချာ တွက်တတ်ရုံ မဟုတ်ခဲ့ဘဲနဲ့ ခြေပါလက်ပါလုပ်တာ မကောင်းဘူးဆိုတဲ့ နီတိတရားတွေ သင်ခဲ့ရမယ်ဆိုရင် တော့ အဲလို လက်ပါခြေပါလုပ်ချင်မှ လုပ်ဖြစ်မှာလို့ တွေးမိတယ်။ သင်တဲ့ နီတိကတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ ယောက်ျား၊ မိန်းမ လိင်ခွဲခြားမှုတွေကို အခြေမခံဖို့တော့ လိုတာပေါ့နော်။ ဆရာမတယောက်ကို သူ့ကျောင်းသားဟောင်းတယောက်က သွားကန်တော့တော့ ဆုပေးသလိုမျိုးဆို ကြားရတာ အတော်ကို စိတ် မချမ်းသာစရာ။ သူကိုယ်တိုင် အမျိုးသမီးဖြစ်နေတာတောင် တပည့်ကို အဲလို လာကန်တော့ရခြင်းအကျိုး အားကြောင့် နောင်ဘ၀မှာလဲ မြင့်မြတ်တဲ့ ယောကျာ်းသားဘ၀ကို ပြန်ရနိုင်ပါစေတဲ့။ အဲလိုနီတိမျိုးကတော့ စာကြည့်တိုက်ထဲမှာ သမိုင်းသုတေသနလုပ်ဖို့ မှတ်တမ်းမှတ်ရာအနေနဲ့ ရှိဖို့ပဲ ကောင်းလိမ့်မယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly