၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲအား နေရာပြောင်းကျင်းပရန် အမေရိကန်လွှတ်တော်အမတ်များက IOC ကို တိုက်တွန်း

၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲအား နေရာပြောင်းကျင်းပရန် အမေရိကန်လွှတ်တော်အမတ်များက IOC ကို တိုက်တွန်း
Photo: EPA

တရုတ်အစိုးရက ဝီဂါလူမျိုးစုများ၏ လူ့အခွင့်အရေးကို ချိုးဖောက်မှုများကြောင့် ၂၀၂၂ ဆောင်းရာသီ အားကစားပြိုင်ပွဲကို နေရာပြောင်းကျင်းပရန် အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှ အမေရိကန် ထိပ်တန်းဥပဒေပြုအမတ်များက ဇွန်လ ၇၇က်တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) အား တိုက်တွန်းခဲ့သည်။

ဗြိတိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ လက်သူရေးနီယား၊ ချက်သမ္မတနိုင်ငံမှ ဥပဒေပြု အမတ်များ နှင့် ဥရောပပါလီမန်တို့ကလည်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် အလားတူအရေးယူမှုများ ပြုလုပ်ခဲ့သည်။

ဇွန်လ ၇ ရက်က အမေရိကန်ကွန်ဂရက်တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တွင် ရှင်ကျန်းပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေချိန်တွင် အားကစားပြိုင်ပွဲနှင့် ပတ်သက်သည့် IOC ၏ မူဝါဒများအား ထုတ်ပြန် ရှင်းလင်းပေးရန် တိုက်တွန်းထားသည်။

ဝီဂါလူမျိုးစုများအား နှိပ်စက်မှုနှင့် အခြားဆိုးရွားသည့်ချိုးဖောက်မှုများဆက်လက်ဖြစ်ပွားနေပါက ၂၀၂၂ခုနှစ် အားကစားပွဲတော်အတွက် အခြားနေရာများကို အရေးပေါ်ရှာဖွေရေးနိုင်ရေးကိုလည်း ဆုံးဖြတ်ချက်တွင် တိုက်တွန်းထားသည်။

ထို့ပြင် အိုလံပစ်အားကစားပြိုင်ပွဲကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်အား ဖိနှိပ်မှုများ ပြုလုပ်သည်ကို IOC အနေဖြင့် သိရှိပါက အများပြည်သူအနေဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ယင်းဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

"တရုတ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုခံစားနေရတဲ့ ဝီဂါနဲ့ အခြားလူနည်းစုလူမျိုးစုတွေက ကမ္ဘာကြီးရဲ့ ထောက်ခံမှုကို စောင့်မျှော်နေကြပါတယ်။ ရှင်ကျန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုလိုက်ခြင်းက IOC အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ပဋိဉာဉ်စာတမ်းကို သစ္စာဖောက်လိုက်တာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ပြစ်တင်ရှုတ်ချရမယ့် အချိန်မှာ တရုတ်ပြည်ရဲ့ လုပ်ရပ်တွေကို တရားဝင် အသိအမှတ်ပြု လိုက်သလိုဖြစ်သွားပါလိမ့်မယ်” ဟု အမေရိကန် နိုင်ငံခြားရေးရာကော်မတီဥက္ကဌ မိခ်က ပြောကြားခဲ့သည်။

“ဝီဂါအပါအဝင် အခြားလူနည်းစုလူမျိုးစုတွေနဲ့ ဘာသာရေးလူနည်းစုများအပေါ် ကွန်မြူနစ်ပါတီက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာက ကျွန်တော်တို့ခေတ်ရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ အာဏာရှင်ဆန်မှုကို အကာအကွယ်ပြုဖို့နဲ့ ကမ္ဘာစင်မြင့်မှာ သူ့ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့အတွက် ကွန်မြူနစ်ပါတီကို အခွင့်အရေးပေးလိုက်တာက IOC အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ကျင့်ဝတ်ကို သစ္စာဖောက်တာဖြစ်လို့ ကိုယ်ပိုင်အမှတ်သင်္ကေတကို ညစ်ထေးစေပါတယ်။ IOC နဲ့ ကွန်မြူနစ်ပါတီရဲ့ တာဝန်ယူမှုကို ဆုပ်ကိုင်ထားပြီး အမေရိကန် ပါတီနှစ်ခုလုံးက အဖွဲ့ဝင်တွေ၊ အခြားဒီမိုကရေစီနိုင်ငံတွေ မဟာမိတ်တွေနဲ့ အတူရပ်တည်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးရာထိပ်တန်းအဖွဲ့ဝင် မက်ကယ်လ်က ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required