ထောက်ခံချက်မရရှိသေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀၀ ကို ပြည်တွင်း ကုမ္ပဏီတစ်ခုမှ အိန္ဒိယ ဝယ်ယူမည်

ထောက်ခံချက်မရရှိသေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀၀ ကို ပြည်တွင်း ကုမ္ပဏီတစ်ခုမှ အိန္ဒိယ ဝယ်ယူမည်

ဆေးလုံလောက်စွာ မရရှိခြင်းကြောင့် ပြည်သူသန်းပေါင်းများစွာ ရောဂါကူးစက်ခံရမည့် အခြေအနေရှိနေကြောင်း တရားရုံးချုပ်၏ ဝေဖန်မှု ထွက်ပေါ်လာပြီး နောက်တစ်ရက်တွင် အိန္ဒိယအစိုးရက ထောက်ခံချက် မရရှိသေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀၀ ကို ပြည်တွင်းကုမ္ပဏီတစ်ခုထံမှ ဇွန် ၃ ရက်က ဝယ်ယူခဲ့သည်။

ဧပြီနှင့် မေလအတွင်း ကိုဗစ်-၁၉ ဒုတိယလှိုင်း ကူးစက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရောဂါကို ထိန်းချုပ်နိုင်ရန် အရွယ်ရောက်ပြီးသူ အများအပြားကို ကာကွယ်ဆေးထိုးပေးရန် အလျင်အမြန် လုပ်ဆောင်ခဲ့သည်။

အဆိုပါကာကွယ်ဆေးများကို ပြည်တွင်း ကုမ္ပဏီ Biological-E မှ ဝယ်ယူမည်ဖြစ်ကာ စရန်ငွေ အမေရိကန်ဒေါ်လာ ၂၀၅ ဒသမ ၆ သန်း ကို ကြိုတင်ပေးချေထားထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ယင်းကာကွယ်ဆေးအား ဆေးခန်းတွင် စမ်းသပ်မှု အဆင့် ၃ ၌သာ ရှိသေးသည်။

“M/s Biological-E နဲ့ ဆောင်ရွက်မှုဟာ အစိုးရက ပြည်တွင်းဆေးကုမ္ပဏီတွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးကဏ္ဍ၊ ငွေကြေားကဏ္ဍတို့မှာ ကူညီပံ့ပိုးပေးဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယတွင် ပြည်တွင်းဆေးဝါးကုမ္ပဏီများဖြစ်သည့် Serum Institute of India (SII) မှ AstraZeneca ကာကွယ်ဆေးနှင့် Bharat Biotech မှ Covaxin ကာကွယ်ဆေးတို့ကို ထိုးပေးနေပြီး ရုရှားမှ Sputnik V ကာကွယ်ဆေးများကိုလည်း စတင်ထိုးပေးနေပြီ ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် လအတွင်းက နိုင်ငံတွင်း အရွယ်ရောက်သူအားလုံးကို အစိုးရက ကာကွယ်ဆေးများ ထိုးပေးခဲ့သောကြောင့် ဆေးဝါးများ ပြတ်လပ်တော့မည်ဖြစ်သည်။ ကာကွယ်ဆေးထိုးဌာနအချို့အား ပိတ်ထားခဲ့ခြင်းအပေါ် ကောင်းမွန်သည့် စီမံခန့်ခွဲမှု ဆောင်ရွက်ထားခြင်းမရှိဟု တရားရုံးချုပ်က ပြစ်တင် ဝေဖန်ခဲ့သည်။

အသက်ကြီးသူများနှင့် ရောဂါထိန်းချုပ်ရေး လုပ်ဆောင်နေသူများကို ဗဟိုအစိုးရက ကာကွယ်ဆေးအခမဲ့ ထိုးပေးခဲ့သော်လည်း ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိက ဆေးရုံများတွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြားပြည်သူများကို ကြိုတင်သတ်မှတ်ဈေးနှုန်းတစ်ခုဖြင့် ဆေးထိုးခွင့်ပြုထားသည်။

လူငယ်များတွင်လည်း ရောဂါကူးစက်နိုင်ခြင်းကို ဒုတိယလှိုင်း ကူးစက်မှုက ပြသနေကြောင်း တရားရုံးက ထုတ်ပြန်ထားသလို အစိုးရ၏ ကာကွယ်ဆေးမူဝါဒကို ပြန်လည်သုံးသပ်ရန်၊ လမ်းပြမြေပုံတစ်ခု ရေးဆွဲရန် အစိုးရကို တောင်းဆိုထားပြီး နိုင်ငံသားများ၏ အခြေခံဥပဒေအခွင့်အရေးကို ချိုးဖောက်ခံရပါက တရားရုံးအနေဖြင့် ရေငုံနှုတ်ပိတ် ကြည့်နေမည်မဟုတ်ကြောင်း ပြောကြားသည်။

အိန္ဒိယတွင် အရွယ်ရောက်သူ လူဦးရေ သန်း ၉၅၀ ရှိသည့်အနက် ၄ ဒသမ ၇ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေး ထိုးပေးနိုင်သေးသည်။

ယခုအချိန်တွင် တစ်နေ့လျှင် ကာကွယ်ဆေး ၃ သန်းခန့်သာ ထိုးပေးနိုင်သေးသော်လည်း ဇူလိုင်နှင့် ဩဂုတ်လတွင် တစ်နေ့ ၁၀ သန်းအထိ ထိုးပေးနိုင်မည့် ဆေးပမာဏ ရရှိမည်ဖြစ်ကြောင်း အစိုးရက ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly