တရုတ်နိုင်ငံ၏ လူဦးရေ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တိုးတက်ခဲ့ကြောင်း အချက်အလက်ကို ပြင်ဆင်ပြောင်းလဲ

တရုတ်နိုင်ငံ၏ လူဦးရေ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တိုးတက်ခဲ့ကြောင်း အချက်အလက်ကို ပြင်ဆင်ပြောင်းလဲ

တရုတ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ လူဦးရေ ၁ ဒသမ ၄ ဘီလျံထက် ကျော်လွန်ခဲ့ပြီဆိုသော စာရင်းအင်းဆိုင်ရာ အမျိုးသားဗျူရို၏ လွန်ခဲ့သည့် ၁၀ နှစ်အတွက် လူဦးရေးဆိုင်ရာ ကိန်းဂဏန်းကို ပြန်လည် ပြောင်းလဲလိုက်သည်။

၂၀၂၀ ခုနှစ် သန်းကောင်စာရင်းအား အခြေခံ၍ ပြန်လည်တွက်ချက်ရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နမူနာယူရာတွင် မှားယွင်းခဲ့သောကြောင့် နိုင်ငံ၏ လူဦးရေသည် နှစ်စဉ်တိုးတက်ခဲ့သည်ဆိုသော အချက်ကို ပြင်ဆင်ရခြင်းဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်အစိုးရအနေဖြင့် နိုင်ငံအတွင်း မွေးဖွားနှုန်းကျဆင်းလာခြင်းနှင့် သက်ကြီးရွယ်အို အရေအတွက် များပြားလာခြင်းကို စိုးရိမ်ခဲ့သော်လည်း မူဝါဒချမှတ်သူများ အသုံးပြုသည့် အချက်အလက် တိကျမှုအပေါ်တွင် သံသယရှိနေခဲ့သည်။မေလအတွင်းက စာရင်းအင်းအဖွဲ့မှ ထုတ်ပြန်လိုက်သည့် မှတ်တမ်းတစ်ခုတွင် ကိန်းဂဏန်း အပြောင်းအလဲများကို တွေ့ရှိခဲ့ရသည်။

၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံ၏ စုစုပေါင်း လူဦးရေသည် ၈ ဒသမ ၆၄ သန်း တိုးမြင့်ခဲ့သလို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် ၁၀ ဒသမ ၀၃ သန်း တိုးမြင့်ခဲ့သည်။ ပြန်လည်စစ်ဆေးခြင်းများကို စက်ဖြင့် လုပ်ဆောင်ခဲ့သောကြောင့် သဘာဝမကျခြင်းများလည်း ရှိနေသည်။ ယခု ထုတ်ပြန်မှုများအရ တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၁၇ ခုနှစ်တွင် ၁ ဒသမ ၄ ဘီလျံကျော်နေပြီဖြစ်သည်။

ကလေးမွေးဖွားသည့် အရေအတွက် များပြားလာခြင်းကြောင့် ယခုကဲ့သို့ ကိန်းဂဏန်းပြောင်းလဲသွားခြင်းလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား မွေးဖွားမှုနှုန်းသည် ယခင်ထင်မှတ်ထားသည်ထက် ၁၀သန်းကျော် ပိုနေကြောင်း အာဏာပိုင်များက ပြောကြားသည်။ ၎င်းတို့အနက် ပိုမိုတွေ့ရှိရသည့် အရေအတွက်ထက် ၉၀ နီးပါးခန့်ရှိသော ၈ ဒသမ ၉ သန်းသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း တိုးတက်လာခြင်း ဖြစ်သည်။

တရုတ်အစိုးရက တစ်အိမ်ထောင် ကလေးတစ်ဦးသာ ယူရမည့် မူဝါဒအား ၂၀၁၆ ခုနှစ်တွင် အဆုံးမသတ်မီ ယင်းအချက်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ မေလက ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် သန်းကောင်စာရင်းတွင် တရုတ်နိုင်ငံ၌ မွေးဖွားမှုနှုန်း ကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို များပြားလာခြင်းတို့ကို ဖော်ပြထားသည်။ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ၆၀ ရာခိုင်နှန်း တိုးတက်ခဲ့ပြီး လူဦးရေ စုစုပေါင်း၏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းတွင် ရှိခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ သက်ကြီးရွယ်အိုအရေအတွက်သည် ၁၄ ရာခိုင်နှုန်းကျော်ပါက နိုင်ငံတကာစံနှုန်းများအရ တရုတ်နိုင်ငံသည် မကြာမီကာလအတွင်း ‘လူအို နိုင်ငံ’ အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ အလုပ်သမားနှင့် ကလေးငယ် အရေအတွက် ဆက်လက်ကျဆင်းနေပြီး ၂၀၂၀ ပြည့်နှစ်တွင် ကလေးမွေးဖွားမှု ၁၂ သန်းသာရှိခဲ့ရာ ၄ နှစ်ဆက်ဆက် ကျဆင်းခြင်းဖြစ်သည်။ အဆိုပါအရေအတွက်သည် နိုင်ငံတွင်း စံချိန်တင် ကျဆင်းခဲ့သည့် ၁၉၆၁ ခုနှစ်၏ ၁၁ ဒသမ ၉၇ သန်းနီးပါး ဖြစ်နေသည်။ ကလေးမွေးဖွားမှုနှင့် နိုင်ငံလူဦးရေ အချိုးအစားသည် ၀ ဒသမ ၈၅၂ ရာခိုင်နှုန်းသာရှိခဲ့သည်။

လူဦးရေးတို့တက်မှုနှုန်းသည်လည်း ၀ ဒသမ ၁၄၅ ရာခိုင်နှုန်းသာ ရှိသောကြောင့် ၁၉၆၀ ပြည့်နှစ်တွင် လုပ်ဆောင်ခဲ့သည့် ‘မဟာခုန်ပျံကျော်လွှားရေး’ အစီအစဉ်ကြောင့် အငတ်ဘေးတွင် လူအများအပြားသေဆုံးခြင်းနှင့် ပုံမှန်လူဦးရေးတိုးတက်မှုနှုန်း ကျဆင်းခြင်းနောက်ပိုင်း အနိမ့်ဆုံးဖြစ်လာသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၂ ခုနှစ်တွင် စတင်၍ ကျဆင်းနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြောင်း တရုတ်ကွန်မြူနစ်ပါတီလက်အောက်ခံ Global Times မီဒီယာတွင် ဖော်ပြခဲ့သည်။ မွေးဖွားနှုန်းကျဆင်းခြင်း၊ သက်ကြီးရွယ်အိုများပြားလာခြင်းနှင့် လူဦးရေကျဆင်းလာခြင်းတို့သည် စီးပွားရေးတိုးတက်မှုနှင့် တရုတ်၏ ကမ္ဘာကို လွှမ်းမိုးရေးအစီအစဉ်အား အဟန့်အတား ဖြစ်မည်ကို ရှီကျင့်ဖျင်နှင့် အခြားခေါင်းဆောင်များက စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly