စစ်အုပ်စု ဇာတ်သိမ်းရေးလား၊ စစ်အုပ်စုအပေါ် ဖိအားပေးရေးလား

စစ်အုပ်စု ဇာတ်သိမ်းရေးလား၊ စစ်အုပ်စုအပေါ် ဖိအားပေးရေးလား
Photo - AFP

ဇွန် ၁၁

မြန်မာ့နိုင်ငံရေး အကျပ်အတည်းက အာဏာရူး စစ်အုပ်စုကြောင့် တစ်ကျော့ပြန် သံသရာလည်ပြန်ပါပြီ။ ရှစ်လေးလုံး အရေးအခင်းအပြီး အနေအထားမျိုး ပြန်ရောက်နေပါပြီ။ ရှစ်လေးလုံးတုန်းကလည်း စစ်အုပ်စုဟာ လူထုရွေးချယ်ထားတဲ့ ရွေးကောက်ခံကိုယ်စား လှယ်တွေကို အာဏာမပေးချင်တာကြောင့် ဖမ်းဆီးထောင်ချပြီး နိုင်ငံ့အာဏာကို သိမ်းခဲ့ပြီး နှစ်များစွာ သေနတ်မိုး အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ၂၀၁၅ ခုနှစ်အထိ စစ်အုပ်စု ပုံစံမျိုးစုံပြောင်းခဲ့ပေမယ့် နိုင်ငံဟာ စစ်အုပ်စုလက်အောက်မှာ ရှိခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ လူထုထောက်ခံတဲ့ NLD ဟာ စစ်အုပ်စုက ပြဋ္ဌာန်းရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေ ထောက်ချောက်ထဲကနေပဲ အနိုင်ရပြီး တင်းပြည့်ကျပ်ပြည့် အစိုးရဖြစ်ခွင့် ရခဲ့ပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတာကြောင့် အတိုင်ပင်ခံရာထူးကို ဥပဒေဘောင်ထဲကနေ ရအောင်ဖန်တီးပြီး နိုင်ငံကို စီမံခန့်ခွဲလို့ရအောင် လုပ်ခဲ့ပါတယ်။ NLD အစိုးရ အုပ်ချုပ်စဉ်ကာလ နိုင်ငံ့တိုးတက်ရေးအတွက် လုပ်လာသလို တစ်ဖက်ကလည်း စစ်အုပ်စုကို ဖိအားပေး၊ အားလျော့အောင် တောက်လျောက်လုပ်တာကြောင့် စစ်အုပ်စုနဲ့ ရင်ကြားစေ့ရေးဟာ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲ အပြီး NLD က နိုင်ငံလုံးကျွတ် သောင်ပြိုကမ်းပြို ထပ်အနိုင်ရချိန်မှာတော့ စစ်အုပ်စုက အာဏာသိမ်းလိုက်ပါတော့တယ်။

အာဏာသိမ်းခံရတဲ့ ဒီမိုကရက်တစ်အင်အားစု

စစ်တပ်က အာဏာသိမ်းပြီးချိန် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်တွေ အကုန် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ ဒီလို ဖမ်းဆီးခံရမှုဟာ ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့တဲ့ NLD ဘက်က ခေါင်းဆောင်မှုမဲ့ခဲ့တဲ့ အခြေအနေကို ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ တွန်းအားပေးမှုနဲ့ စစ်အုပ်စုထိ်နးချုပ်ထားတဲ့ စည်ပင်ရိပ်သာဝန်းထဲမှာပဲ လွှတ်တော်အစည်းအဝေးလုပ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ - CRPH ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးအရ လက်ဦးမှု ရယူနိုင်ခဲ့တဲ့ သက်သေဖြစ်ပြီး စစ်အုပ်စုပေးတဲ့ Mandate ထက် လူထုပေးတဲ့ Mandate အတိုင်း ရပ်တည်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။

စစ်အုပ်စုဘက်က CRPH ဟာ နိုင်ငံရေးအရ တိုက်စစ်ဖွင့်ရမယ့် အစုအဖွဲ့လို့ သဘောထားတာကြေင့် ဖမ်းတာဆီးတာတွေ လုပ်လာတာ ကြောင့် CRPH အဖွဲ့ဝင်တွ တိမ်းရှောင်ခဲ့ရပါတယ်။ အာဏာသိမ်းစစ်အုပ်စုကို နိုင်ငံရေးမျက်နှာစာက ပျောက်သွားဖို့ဆိုရင် ၂၀၀၈ ခြေဥ ဖျက်သိမ်းပြီး တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံရေးအစုအဖွဲ့ ထူထောင်ရမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ CRPH ဟာ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမှုတွေ လုပ်သလို ၂၀၀၈ ခြေဥဖျက်သိမ်းကြောင်း ကြေညာနိုင်ခဲ့ပါတယ်။ ဒီ့နောက် တိုင်းရင်းသားအင်အားစုတချို့ ပါတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ထပ်ဆင့် ဖွဲ့စည်းလုပ်ကိုင်လာနိုင်ပါတယ်။

လက်နက်ကိုင်ရေးအထိ တွန်းပို့ခံရတဲ့ ပြည်သူ

နိုင်ငံရေးမှာ အဆင့်မြင့်ဆုံးနဲ့ အယဉ်ကျေးဆုံးဖြစ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နည်းနဲ့ ပြည်သူတွေက စစ်အုပ်စု အလိုမရှိကြောင်း ပြသခဲ့ပါတယ်။ ဒါပေမဲ့ အရာရာတိုင်းကို အာဏာနဲ့သာ ဖြေရှင်းတတ်တဲ့ စစ်အုပ်စုက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွကို လူသေတဲ့အထိ ပစ်ခတ်နှိမ်နင်း သတ်ဖြတ် ရှင်းလင်းခဲ့ပါတယ်။ ဒါဟာ လူထုကို လက်နက်ကိုင် တော်လှန်ရေးအဆင့် ရောက်လာအောင် စစ်အုပ်စု တွန်းပို့လိုက်တာဖြစ်လို့ လူထုကလည်း လက်နက်ကိုင် တွန်းလှန်လာရပါတယ်။

ဒီလက်နက်ကိုင် တွန်းလှန်မှုတွေ စတင်လာတာနဲ့အတူ စစ်တပ်ကို အပြီးဖယ်ရှားလိုတာကြောင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုတဲ့ စဉ်းစားချက်တွေ ပေါ်လာသလို ပေါ်လာဖို့အတွက်လည်း NUG အစိုးရအပေါ် တောင်းဆိုချက်တွေ ရှိလာပါတယ်။ လူထုဆန္ဒ နောက်လိုက်ရတဲ့ NUG ဘက်ကလည်း ဖက်ဒရယ်တပ်မတော် ဖြစ်ဖို့ မဖြစ်နိုင်သေးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် အောက်ကနေ ပြည်သူ့ကာကွယ်ရေးတပ် - PDF တွေ ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း ဒီလိုမျိုး ဖွဲ့စည်းကြဖို့ လူထုကို ဆော်သြခဲ့ပါတယ်။ ဒီဆော်သြမှုအပြီး မြန်မာနိုင်ငံတစ်ဝန်းက ဒေသတိုင်းလိုလိုမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းလာသလို စစ်အုပ်စု လက်နက်ကိုင်တွေကို ရင်ဆိုင်တိုက်ခိုက်မှု ဖြစ်လာပါတယ်။ ဒီနေရာမှာ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်တိုင်းဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကွဲစီမံမှုအောက်က တော်လှန်နေတာ မဟုတ်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

တိုက်ပွဲခေါ်သံက ဘာအတွက်လဲ

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်မှာ NUG အစိုးရက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ဒီထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာက ပြည်တွင်းက စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားနေသူတိုင်းအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ စစ်ရေးကိစ္စဖြစ်တဲ့အတွက် PDF နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ခင်မမမျိုးက အလုံးစုံ ဖြေလို့ မရကြောင်းနဲ့ သင်တန်းဆင်းတာတွေ ရှိနေပြီဆိုတာကို ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် PDF အတွက် တိုက်ပွဲခေါ်သံ ပေးတဲ့အခါ တစ်နိုင်ငံလုံးက ပြည်သူတွေ အင်တိုက်အားတိုက် ပါဝင်ကြဖို့ ပြောဆိုထားပါတယ်။

ဒီနေရာမှာ သတင်းမီဒီယာဘက်က မေးဖို့ ကျန်ခဲ့တာ တစ်ခုကတော့ တိုက်ပွဲခေါ်သံဟာ ဘာဦးတည်ချက်နဲ့ ခေါ်မှာလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ရှိနေသေးတဲ့ NUG ဘက်မှာတော့ ဒါနဲ့ ပတ်သက်တဲ့ ဦးတည်ချက် ပျောက်နေတယ်လို့ ပြောရမှာပါ။ ဘာကြောင့် ဒီမေးခွန်း မေးဖို့ လိုအပ်သလဲဆိုရင် NUG ကို သန္ဓေတည်စေတဲ့ NLD ရဲ့ ရှေးရှေ့က လုပ်ဆောင်ချက်တွေမှာလည်း စစ်အုပ်စုနဲ့ ပတ်သက်လာရင် ဇာတ်သိမ်းရေးထက် ဖိအားပေး ညှိနှိုင်းရေးကိုသာ အစဉ်တစိုက် လုပ်ဆောင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ထိန်းသိမ်းခံထားရတဲ့ NLD ပါတီနဲ့ လူထုခေါင်းဆောင်ကိုယ်တိုင် စစ်အုပ်စုနဲ့ပတ်သက်လာရင် သဘောထားပျော့ပြောင်း မှု မရှိသလို အုံနဲ့ ကျင်းနဲ့ ဖိအားပေးတဲ့ပုံစံကိုသာ ကျင့်သုံးခဲ့တာကြောင့် ဖြစ်ပါတယ်။

ဇာတ်သိမ်းရေးလား၊ ဖိအားပေးရေးလား

လက်ရှိ မြန်မာပြည်နိုင်ငံရေး အခြေအနေဟာ စစ်အုပ်စုနဲ့ ပတ်သက်ရင် ဇာတ်သိမ်းရေးသွားမလား၊ အင်အားသုံး ဖိအားပေး ညှိနှိုင်းရေးကို သွားမလားဆိုတဲ့ အစွန်းတရားနှစ်ခုပေါ်မှာ တည်နေပါတယ်။

လက်ရှိ စစ်အုပ်စု အာဏသိမ်း ဖိနှိပ်မှုကို ပြည်သူတွေက လက်နက်ကိုင် တော်လှန်နေတာဟာ စစ်အုပ်စုယန္တရားတွေ အပြီးတိုင် ပျက်သုန်းပြီး တကယ်ကို လူထုကို ကာကွယ်ပေးတဲ့ တပ်မတော် ရှိလာဖို့ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် စစ်တပ်ကို အပြီးတိုက် ဖျက်သိမ်းပြီး အသစ်ကနေ ပြန်လည်ဖွဲ့စည်းရေးအထိ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် စစ်အုပ်စု ဇာတ်သိမ်းရေးကို တိုက်နေတာ ဖြစ် ပါတယ်။

သို့သော် လူထုထောက်ခံမှုနဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို ဆက်လက်ရယူထားနိုင်တဲ့ NUG ဘက်ကတော့ ပါတီက ကျင့်သုံးခဲ့ ဖူးတဲ့ ဖိအားပေး ညှိနှိုင်းရေးကို ဆက်လက်စွဲကိုင်မှာလား၊ သို့တည်းမဟုတ် ပြည်သူနဲ့အတူ အာဏာသိမ်းထားတဲ့ စစ်အုပ်စုကို ဇာတ် သိမ်းအောင် တိုက်ထုတ်ပြီး ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးကို သွားမလားဆိုတာကို လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းပြီးချိန်အထိ တလုံးတပါဒမှ ထုတ်ပြန်ပြောဆိုတာ မလုပ်သေးပါဘူး။ PDF တပ်ကို နိုင်ငံတကာအဆင့်မီ Standard Army ဖြစ်အောင် လုပ်ဆောင်နေပါတယ်၊ တိုက်ပွဲခေါ်သံ ပေးမယ်ဆိုတာကို တစိုက်မက်မက် ပြောနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့စည်းပြီး စစ်အုပ်စုကို တိုက်ခိုက်ရတဲ့ ဦးတည်ချက်က ဘာလဲဆိုတာ အခုအချိန်အထိ မသဲကွဲသေးပါဘူး။

ဦးတည်ချက်မဲ့ခြင်းက အားနည်းချက်သာ ဖြစ်

နိုင်ငံရေးဦးဆောင်မှုထိုင်ခုံမှာ နေရာယူမယ်ဆိုရင် တာဝန်ခံမှုနဲ့ တကယ့်ကို ပြတ်သားတဲ့ ဦးဆောင်မှု ရှိဖို့ လိုအပ်ပါတယ်။ တောင်အာဖ ရိက တော်လှန်ရေးခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားက "ခေါင်းဆောင်များသည် ဦးဆောင်ရုံနှင့်မပြီး၊ ဦးဆောင်နေသည်ကို လူအများ တွေ့မြင်သင့်သည်။ ယင်းသည် ခေါင်းဆောင်အလုပ်၏ လိုအပ်ချက်တစ်ခု ဖြစ်သည်" လို့ ယူဆထားပါတယ်။ လက်နက်ကိုင်တိုက် ပွဲကို ဦးဆောင်စတင်မယ်ဆိုရင် ရှင်းလင်းတဲ့ ဦးတည်ချက်နဲ့ ဦးဆောင်မှုအခန်းကဏ္ဍက နေပြဖို့ လိုသလို လက်တွေ့လည်း ဦးဆောင်နေတယ်ဆိုတာ နောက်ကနေ တသွေမတိမ်းလိုက်ကြမယ့်သူတွေ မြင်အောင် ပြဖို့ လိုပါတယ်။

NUG အနေနဲ့ သက်တမ်းနုသေးတဲ့ တော်လှန်သော အစိုးရဖြစ်တာမို့ လက်တွေ့ပြသဖို့ ခက်ခဲနေရင်တောင် ဦးဆောင်မှုအခန်းကဏ္ဍက နေ လက်နက်ကိုင်တိုက်ပွဲ စတင်ရခြင်းရဲ့ ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း ချပြထားဖို့ လိုအပ်ပါတယ်။ ဒီလို ချပြတာဟာ စစ်ရေးကိစ္စလည်း မဟုတ်တာကြောင့် ထုတ်ပြောလို့ ရတဲ့ အကြောင်းအရာဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲထဲ တွန်းပို့ခံထားရတဲ့ လူထုအတွက် လည်း ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားတွေးခေါ် လုပ်ကိုင်ဖို့ ဆုံးဖြတ်ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ က တိုက်ပွဲခေါ်မယ့် ဦးတည်ချက်ဟာ မြေပြင်မှာ စစ်အုပ်စုဇာတ်သိမ်းရေးကို ရှေးရှုတဲ့ လူထုလက်နက်ကိုင်တိုက်ပွဲ ဦးတည်ချက်နဲ့ မကိုက်ညီခဲ့ဘူးဆိုရင် စစ်အုပ်စုဘက်က အသာရသွားနိုင်တယ်ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။

ဒါကြောင့် NUG အနေနဲ့ လက်နက်ကိုင်တိုက်ပွဲ လုပ်ဆောင်ရခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးအတွက် ဆိုတဲ့ အာပတ် လွတ်ပြောဆိုမှုတွေထက်ပိုတဲ့ ဦးတည်ချက် ရှိတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ချပြဖို့နဲ့ ဦးတည်ချက်ဟာ စစ်အုပ်စုအပြီးတိုင် ဇာတ်သိမ်းပြီး စစ်ယန္တရားမှန်သမျှ ပျက်သုန်းရေးလား၊ ဒါမှမဟုတ် နဂိုကတည်းက NLD ကျင့်သုံးခဲ့တဲ့ ဖိအားပေးရေးကို ဦးတည်သလား ဆိုတာကို အမြန်ဆုံး ချပြဖို့ လိုနေပါပြီ။ လူထုရဲ့ လမ်းပေါ်တက် ဆန္ဒပြမှုတွေ၊ လက်နက်ကိုင်တော်လှန်မှုတွေကို အသက်တွေနဲ့ ရင်းပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ စစ်အုပ်စုကို အပြုတ်နှံရေးဟာ NUG ရဲ့ ရည်ရွယ်ချက်လား၊ သို့တည်းမဟုတ် ဖိအားပေးရေးကိုသာ သွားလိုသလားဆိုတာကို ရှင်းရှင်းလင်းလင်း ချပြခြင်းဟာ တော်လှန်ရေးကို မီးပေါင်ထိုးဖို့ အဓိကကျတဲ့ အချက်ဖြစ်နေပြီဆိုတာကို သတိမလစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly