တရုတ်ကို ဝေဖန်မည့် အီးယူအစီအစဉ်အပေါ် ပိတ်ပင်ခဲ့သည့် ဟန်ဂေရီကို ဂျာမနီ ပြစ်တင်

By ရိုက်တာ
08 June 2021
တရုတ်ကို ဝေဖန်မည့် အီးယူအစီအစဉ်အပေါ် ပိတ်ပင်ခဲ့သည့် ဟန်ဂေရီကို ဂျာမနီ ပြစ်တင်

တရုတ်၏ ဟောင်ကောင်မူဝါဒအပေါ် ဝေဖန်မည့် အီးယူထုတ်ပြန်ချက်တစ်ရပ်ကို ပိတ်ပင်တားမြစ်ရန် ဟန်ဂေရီနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဂျာမနီ အကြီးတန်းအရာရှိကြီးတစ်ဦးက ဇွန်လ ၄ ရက်တွင် ပြစ်တင်ခဲ့သည်။ ဥရောပသမဂ္ဂ (အီးယူ) ၏ နိုင်ငံခြားရေးမူဝါဒသည် တိုက်စားခံခဲ့ရသည်ဟု ၎င်းက ပြောသည်။

“ဟောင်ကောင်နဲ့ပတ်သက်တဲ့ အီးယူ ထုတ်ပြန်ချက်တစ်ခုကို ဟန်ဂေရီက ထပ်မံ ပိတ်ပင်ခဲ့ပြန်ပါတယ်၊ ပြီးခဲ့တဲ့ သုံးပတ်လောက်တုန်းကလည်း အရှေ့အလယ်ပိုင်းကိစ္စနဲ့ပတ်သက်လို့ ဟန်ဂေရီကပဲ ပိတ်ပင်မှု လုပ်ထားခဲ့ပါသေးတယ်၊ ဒီလို ပိတ်ပင်မှု မူဝါဒတစ်ခုနဲ့သာဆိုရင် ဘုံနိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒက အလုပ်မဖြစ်နိုင်ပါဘူး” ဟု ဂျာမနီ နိုင်ငံခြားရေးဌာနမှ အတွင်း၀န် မီဂွဲလ် ဘာဂါက တွစ်တာတွင် ရေးခဲ့သည်။

“သတ်မှတ်ချက်ပြည့်မီတဲ့ အများစု မဲပေးဆုံးဖြတ်မှု အပါအ၀င် ကျွန်တော်တို့အနေနဲ့ သဘောထားကွဲလွဲမှုတွေကို စီမံကိုင်တွယ်ဖို့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး အလေးအနက် ဆွေးနွေးဖို့ လိုနေပါပြီ”

ပြီးခဲ့သည့် ဧပြီလက ဟောင်ကောင်ရှိ တရုတ်၏ လုံခြုံရေးဥပဒေသစ်အပေါ် ဝေဖန်မည့် အီးယူထုတ်ပြန်ချက်တစ်စောင်ကို ဟန်ဂေရီက ပိတ်ပင်ခဲ့သည်။ ယင်းအတွက်ကြောင့် ဗြိတိသျှ ကိုလိုနီဟောင်းရှိ လွတ်လပ်ခွင့်များအပေါ် ပေကျင်းဘက်မှ ထိန်းချုပ်ကန့်သတ်နေခြင်းကို ထိပ်တိုက်ရင်ဆိုင်မည့် အီးယူအုပ်စု၏ အားထုတ်မှုများကို လျော့ပါးစေခဲ့သည်။

ပြီးခဲ့သည့်လကလည်း ဘူဒါပတ်စ်သည် အာဖရိက၊ ကာရစ်ဘီယန်နှင့် ပစိဖိတ်နိုင်ငံများနှင့်အကြား အီးယူ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေး သဘောတူညီချက်သစ်တစ်ခုကို အတည်ပြုလက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည်။ ထို့ပြင် အစ္စရေးနှင့် ပါလက်စတိုင်းအကြား အကြမ်းဖက်မှုအတွင်း အပစ်ရပ်စဲရေးအတွက် အီးယူတောင်းဆိုချက်တစ်ရပ်ကို ထောက်ခံရန် ငြင်းဆန်ခဲ့သည်။

ထုံးတမ်းအစဥ်အလာ ခရစ်ယာန်မိသားစုတန်ဖိုးများကို အားပေးရေး ၀န်ကြီးချုပ် ဗစ်တာ အော်ဘန်၏ ကြိုးပမ်းမှု တစ်စိတ်တစ်‌ဒေသအဖြစ် ဘူဒါပက်စ်သည် အီးယူထုတ်ပြန်ချက်များတွင် ‘ကျားမ တန်းတူညီမျှမှု’ စကားရပ် အသုံးပြုခြင်းကို တားမြစ်ရန် ဖိအားပေးလုပ်ဆောင်ထားခဲ့သည်။

ယခု နောက်ဆုံး တားဆီးပိတ်ပင်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရန် ပန်ကြားချက်ကို ဥရောပကော်မရှင်က ဇွန်လ ၄ ရက်က ငြင်းဆန်ခဲ့သည်။

သို့သော် ဟန်ဂေရီသည် တရုတ်အနောက်မြောက်ပိုင်းရှိ ဝီဂါမွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ပြီးခဲ့သည့်မတ်လက တရုတ်အရာရှိလေးဦးအပေါ် အီးယူအုပ်စုဘက်မှ အရေးယူပိတ်ဆို့မှုကို တားမြစ်ခြင်းမရှိဘဲ ခွင့်ပြုခဲ့သည်။

ဟန်ဂေရီ အစိုးရ၏ မီဒီယာရုံးက ဇွန်လ ၄ ရက်က ဆန့်ကျင်သဘောထား ရပ်တည်ခဲ့မှုနှင့်ပတ်သက်ပြီး ဖြေကြားခဲ့ရာတွင် တရုတ်အပေါ် အီးယူ၏ အရေးယူပိတ်ဆို့မှုများသည် “အကျိုးမရှိသော၊ မိမိကိုယ် မိမိ ယုံကြည်မှုလွန်ကဲနေသော၊ ထိခိုက်စေနိုင်သော” လုပ်ဆောင်မှုများ ဖြစ်သည်ဟု ပြောခဲ့သည်။

“အီးယူအနေနဲ့ လက်ရှိအချိန်အထိ တရုတ်၊ ဟောင်ကောင်နဲ့ပတ်သက်လို့ ကြေညာချက်တွေ ထုတ်ပြန်ထားခဲ့ပါတယ်၊ ဘယ်တစ်ခုမှ ထိရောက်အောင်မြင်မှုရှိတယ်ဆိုပြီး သက်သေမပြနိုင်သေးပါဘူး၊ ဒီတော့ နောက်ထပ်တစ်ခုကိုလည်း ထပ်မထုတ်သင့်ပါဘူး” ဟု ယင်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly