တောင်ကိုရီးယား၌ အဆောက်အအုံ ပြိုကျမှုဖြစ်ပြီး လူ ၉ ဦး သေဆုံး

တောင်ကိုရီးယား၌ အဆောက်အအုံ ပြိုကျမှုဖြစ်ပြီး လူ ၉ ဦး သေဆုံး
Photo - AFP

ဇွန် ၁၀

တောင်ကိုရီးယားနိုင်ငံ၌ ဇွန်လ ၉ ရက်က ငါးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး အနီးအနားရှိ ဘတ်စ်ကားတစ်စီးအပေါ် ပိမိခဲ့သည့် ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူများက ပြောသည်။

ရုပ်သံဗီဒီယိုတစ်ခုထဲတွင် အဆောက်အအုံ ပြိုကျပြီး ဘတ်စ်ကားတစ်စီး အပျက်အစီးပုံများအောက် ပိဖိဖုံးလွှမ်းခံရကာ ဖုန်လုံးကြီးများ ထွက်ပေါ်လာသည်ကို မြင်တွေ့ရသည်။

ဆိုးလ်မြို့ အနောက်တောင်ဘက် ဂွမ်ဂျူးမြို့ရှိ ယင်းငါးထပ်အဆောက်အအုံကို ဖြိုချရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့စဥ် ရုတ်တရက် ပြိုကျပြီး ဘတ်စ်ကားပေါ် ပိမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘတ်စ်ကားသည် အဆောက်အအုံနေရာ၏ အရှေ့ဘက်တွင် ရပ်တန့်ထားခဲ့ခြင်းဖြစ်ပြီး မတော်တဆမှု ဖြစ်ချိန်က ကားပေါ်တွင် လူ ၁၇ ဦး ရှိနေခဲ့ကြောင်း သိရသည်။

အဆောက်အအုံ ပြိုကျမှုကြောင့် ဘတ်စ်ကားပေါ်ပါ ခရီးသည်များအနက် ကိုးဦး သေဆုံးပြီး ကျန် ခရီးသည်ရှစ်ဦးသည်လည်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြောင်း တောင်ကိုရီးယား မီးသတ်အေဂျင်စီက ပြောသည်။

အဆောက်အအုံ ဖြိုဖျက်မှု ဆိုဒ်နေရာရှိ အလုပ်သမားအားလုံးကို ပြိုကျမှုဖြစ်ပြီးနောက် ဘေးကင်းရာ ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

မတော်တဆမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယခုအခါ ရဲတပ်ဖွဲ့က ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်နေကြောင်း အာဏာပိုင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly