ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတဲ့ ဗီယက်နမ်မှာ ကာကွယ်ဆေး ဝယ်ယူဖို့ ပြည်သူတွေဆီက အလှူခံ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတဲ့ ဗီယက်နမ်မှာ ကာကွယ်ဆေး ဝယ်ယူဖို့ ပြည်သူတွေဆီက အလှူခံ 
Photo - AFP

ဇွန် ၉

ကပ်ဘေးကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့လို့ တစ်ချိန်က စံပြဖြစ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် လှိုင်းသစ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ရုန်းကန်လာနေရတာကြောင့် ကာကွယ်ဆေး ဝယ်ယူရေး အများပြည်သူက အလှူငွေ ထည့်ဝင်ကြဖို့ စတင်လှုံ့ဆော်နေရပြီ ဖြစ်ပါတယ်။ 

အရှေ့တောင်အာရှ ဗီယက်နမ်ဟာ သန်း ၁၀၀ နီးပါးသော လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်ဆေး ထိုးနှံပေးထားနိုင်ပြီး မကြာသေးခင်က ကူးစက်မှု မြင့်တက်လာတာကြောင့် အာဏာပိုင်တွေဟာ တိုးလို့ သတိပေးလာရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ မိုဘိုင်းဖုန်း သုံးစွဲသူတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ရန်ပုံငွေမှာ ထည့်ဝင်လှူဒါန်းကြဖို့ အလှုခံတဲ့ မက်ဆေ့ချ်တွေ သုံးခါလောက်အထိ လက်ခံရရှိကြပါတယ်။ 

ပြီးခဲ့တဲ့နှစ်က စီးပွားရေး တိုးတက်တဲ့ ကမ္ဘာ့နိုင်ငံ အနည်းငယ်ထဲက တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ရဲ့ စီးပွားရေးဟာ ဗိုင်းရပ်စ်ကြောင့် ရိုက်ခတ်မှုတွေ ကြုံလာရမှာကို စိုးရိမ်ပူပန်ကြတဲ့ ပြည်သူတွေဟာ ရန်ပုံငွေမှာ ထည့်ဝင်လှူဒါန်းကြကြောင်း အေအက်ဖ်ပီကို ပြောပါတယ်။ 

ကာကွယ်ဆေးကပဲ ဗီယက်နမ်ရဲ့ စီးပွားရေးကို တည်ငြိမ်ပီး တဖန်ဖွံ့ဖြိုးစေမှာ ဖြစ်တာကြောင့် ဘဏ်ငွေလွှဲနဲ့ SMS payment ကနေပြီး အမေရိကန်ဒေါ်လာ ၅၀ ကို ပေးပို့လှူဒါန်းခဲ့တယ်လို့ အစိုးရဝန်ထမ်းတစ်ဦးဖြစ်တဲ့ ငုယင်တုထျန်အန်းက ပြောပါတယ်။ 

ဗီယက်နမ်ရဲ့ စက်မှုနယ်မြေဖြစ်တဲ့ Samsung နဲ့ Foxconn တို့လို စက်ရုံတွေ အခြေစိုက်ရာ မြောက်ပိုင်းပြည်နယ်တွေဟာ အခု ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ နောက်ဆုံးလှိုင်းကို ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ 

ဟနွိုင်းနဲ့ ဟိုချီမင်းလို့ အဓိကအချက်အခြာတွေမှာ ဘားဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပိတ်ရတာနဲ့ လူစုရုံးမှု တားမြစ်တာတွေနဲ့အတူ နိုင်ငံတလွှားမှာ ပြည်သူ ထောင်ပေါင်းများစွာ အလုပ်အကိုင် ဆုံးရှုံးကြတယ်လို့ နိုင်ငံပိုင်သတင်းက ဖော်ပြပါတယ်။  

ဧပြီလက စတင်ပြီး ကူးစက်မှုနှုန်း သုံးဆတိုးလို့ ကူးစက်ဖြစ်ပွားသူပေါင်း၉၀၀၀ နီးပါး ရှိပါတယ်။ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကူးစက်မှု နိမ့်ကျပေမယ့် နိုင်ငံရဲ့ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုဟာ တစ်ဦးချင်း နှုန်းထားအရဆို ဒေသတွင်းနိုင်ငံတွေမှာ အနိမ့်ဆုံးဖြစ်နေကြောင်း အေအက်ဖ်ပီရဲ့ စစ်တမ်းအရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly