သီရိလင်္ကာမှာ ရေကြီးမြေပြိုမှုကြောင့် လူ ၁၆ ဦး သေဆုံး

သီရိလင်္ကာမှာ ရေကြီးမြေပြိုမှုကြောင့် လူ ၁၆ ဦး သေဆုံး
Photo - AFP

ဇွန် ၇

သီရိလင်္ကာနိုင်ငံမှာ မုတ်သုံမိုးကြီးမှုကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးစင်တာ (DMC) က ဇွန်လ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေကြီး၊ မြေပြိုမှုတွေကြောင့် လူပေါင်း နှစ်သိန်းခွဲကျော်လောက်ဟာလည်း အိုးမဲ့အိမ်မဲ့  ဖြစ်ခဲ့ကြတယ်လို့လည်း ယင်းက ထုတ်ပြန်ပါတယ်။

နိုင်ငံရဲ့ ခရိုင်ဒေသ ၂၅ ခုအနက် ၁၀ ခုမှာ မိုးသည်းကြီးမည်းကြီး ရွာခဲ့ပြီးနောက် ဘေးဒုက္ခခံခဲ့ကြရသူအများစုဟာ ရေကြီးမြေပြိုမှုတွေအတွင်း အရှင်လတ်လတ် မြှုပ်နှံခံရသလို ဖြစ်ခဲ့တယ်လို့ DMC က ပြောပါတယ်။

အလယ်ပိုင်း ကီးဂဲလ် ခရိုင်မှာ မြေပြိုမှုကြောင့် မိသားစုတစ်စုရဲ့ မိသားစု၀င်လေးဦး အရှင်လတ်လတ် မြှုပ်နှံခံရသလို ဖြစ်နေတဲ့ နေရာတစ်ခုကို အိမ်မွေးခွေးတစ်ကောင်က ကယ်ဆယ်ရေးသမားတွေကို ညွှန်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ကယ်ဆယ်ရေးသမားတွေ ယင်းနေရာကို ရောက်ရှိပြီး ဆွဲထုတ်ခဲ့ကြချိန်မှာတော့ အဆိုပါ မိသားစု၀င် လေးဦးစလုံးဟာ သေဆုံးနေခဲ့ကြပြီဖြစ်ကြောင်း သိရပါတယ်။

သဘာ၀ဘေးအတွင်း ပိတ်မိသောင်တင်နေခဲ့တဲ့ ရွာသားတွေကို ဘေးလွတ်ရာ ကူညီရွှေ့ပြောင်းပေးဖို့အတွက် ခရိုင်‌‌ဒေသတစ်ချို့မှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို ဖြန့်ကျက်ထားခဲ့ပါတယ်။

နေအိမ်တွေ ‌ရေလွှမ်းခံရတာကြောင့် လူပေါင်း ၂၇၀,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာပြီး ၎င်းတို့ရဲ့ ဆွေမျိုး မိတ်ဆွေတွေရဲ့ အိမ်တွေမှာ ဒါမှမဟုတ် ယာယီခိုလှုံရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ DMC က ပြောပါတယ်။

အဆိုပါ ကျွန်းနိုင်ငံမှာတော့ မုတ်သုံရာသီဟာ တစ်နှစ်ကို နှစ်ကြိမ်ကျရောက်ပြီး ဆည်ရေပေးမှု၊ ရေအားလျှပ်စစ် ထုတ်လုပ်မှုအတွက် အရေးပါတဲ့ မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေသလို တစ်ဘက်မှာလည်း  မိုးကြီးမှုတွေကြောင့် မကြာခဏဆိုသလို လူ့အသက်တွေနဲ့ အိုးအိမ်အဆောက်အအုံတွေကို ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ထားစေခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly