အမျိုးသားဟော်ကီအသင်းနည်းပြအား ဟော်ကီအဖွဲ့ချုပ်မှ စာချုပ်သက်တမ်းတိုးရန်ရှိ

အမျိုးသားဟော်ကီအသင်းနည်းပြအား ဟော်ကီအဖွဲ့ချုပ်မှ စာချုပ်သက်တမ်းတိုးရန်ရှိ
လေ့ကျင့်ရေးကွင်းတွင် ကစားသမားများနှင့်အတူတွေ့ရသည့် နည်းပြ မိုဟာမက် (ဓာတ်ပုံ - နေလင်းထက်)

ဒီဇင်ဘာ ၄၊ ရန်ကုန် ။            ။ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်အနေဖြင့် လက်ရှိမြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနည်းပြချုပ် မိုဟာမက်အား စာချုပ်သက်တမ်းထပ်မံ တိုးရန် အစီအစဉ်ရှိနေသည်။

နည်းပြမိုဟာမက်သည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ တွင် မြန်မာအမျိုးသားဟော်ကီအသင်းအား တတိယဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြ ဖြစ်သည်။

လက်ရှိအချိန်တွင် နည်းပြ မိုဟာမက်အား ဒုတိယအကြိမ် အာရှအမျိုးသားဖိတ်ခေါ်ဟော်ကီပြိုင်ပွဲအတွက် ကာလတိုနှစ်လ စာချုပ်ဖြင့် ခေါ်ယူထားသည်။ ' ငွေရေးကြေးရေး အခြေအနေအရမို့ လောလောဆယ် နှစ်လ စာချုပ် ချုပ်ထားပါတယ်။ မလေးရှားဆီးဂိမ်းထိ သူ့ကို ဆက်ခေါ်ဖို့ အစီအစဉ်ရှိပါတယ်။

နည်းပြငှားတာကို အားကစားဝန်ကြီးဌာနကို ခွင့်ပြုချက်၊ သူတို့ရဲ့ပံ့ပိုးမှုနဲ့ ဟော်ကီအဖွဲ့ချုပ် ထောက်ပံ့မှုနဲ့ခေါ်ဖို့ အစီအစဉ်ရှိပါတယ်'ဟု မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းက မဇ္ဈိမသို့ ပြောသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်ထိ ဒုတိယအကြိမ် အာရှအမျိုးသားဖိတ်ခေါ်ဟော်ကီ ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသားဟော်ကီအသင်းကို နည်းပြ ချုပ်အဖြစ် မိုဟာမက်မှ ဦးဆောင်ကိုင်တွယ်မည်ဖြစ်သည်။

မြန်မာအသင်းသည် ဒီဇင်ဘာ ၁၃ ရက်တွင် တရုတ် (တိုင်ပေ)အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်အသင်းနှင့် လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် သီရိလင်္ကာ အသင်းနှင့် လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် ဟောင်ကောင်အသင်းနှင့် လည်းကောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့်လည်းကောင်း အသီးသီးကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly