လက်ရွေးစင် ကစားသမားဟောင်း ကျော်ဇေယျာဝင်းအား ခေါ်ယူရန် ဧရာဝတီအသင်း စီစဉ်

လက်ရွေးစင် ကစားသမားဟောင်း ကျော်ဇေယျာဝင်းအား ခေါ်ယူရန် ဧရာဝတီအသင်း စီစဉ်
ပြီးခဲ့သည့် ဘောလုံးရာသီတွင် ကမ္ဘောဇအသင်း၌ ကျော်ဇေယျာဝင်းအား တွေ့ရစဉ် (ဓာတ်ပုံ- KBZ FC)

ဒီဇင်ဘာ ၄၊ ရန်ကုန်။           ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကမ္ဘောဇကွင်းလူ ကစားသမားဟောင်း ကျော်ဇေယျာဝင်းအား ခေါ်ယူရန် စီစဉ်လျက်ရှိသည် ဟု ဧရာဝတီအသင်းအုပ်ချုပ်သူ ဦးမျိုးဝင်းမှ ပြောသည်။

ကျော်ဇေယျာဝင်းသည် မြန်မာနေရှင်နယ်လိဂ် စတင်ချိန် ၂၀၀၉ ခုနှစ်တွင် ဧရာဝတီယူနိုက်တက် (ယခင် ဒယ်တာယူနိုက်တက်) အသင်းတွင် ကစားခဲ့ဖူးပြီး ၂၀၁၀ မှ ၂၀၁၅ ဘောလုံးရာသီထိ ကမ္ဘောဇ အသင်းတွင် ကစားကာ ပြီးခဲ့သည့် ၂၀၁၄ ဘောလုံးရာသီ၌လည်း မလေးရှားကလပ် ပီရက်အသင်း သို့ အဌားသွားရောက်ကစားခဲ့ဖူးသည့် ကစားသမားတစ်ဦးဖြစ်သည်။

၎င်းသည် မြန်မာ့လက်ရွေးစင်အသင်း၌လည်း ၂၀၁၂ မှ စတင်ကာ သက်တမ်းလိုက်လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင်ပွဲပေါင်း ၃၄ ပွဲ၌ ဂိုးပေါင်း ၁၄ ဂိုး သွင်းယူပေးထားနိုင် ခဲ့သည်။

“ ကျော်ဇေယျာဝင်းက အသင်းအနေနဲ့ ကမ်းလှမ်းထားပါတယ်။ လောလောဆယ်တော့ ညှိနှိုင်းနေဆဲပါပဲ။ ဘာစာချုပ်မှ မချုပ်ရသေးပါဘူး။ ရောက်ဖို့တော့ နီးစပ်နေပါပြီ။ အသင်းက ကစားသမားတွေ ထွက်ခွာသွားပေမယ့် သူတို့ နေရာ ပြန်အစားထိုးဖို့ စီစဉ်နေပါတယ်။ နိုင်ငံသားခြား ကစားသမားအချို့ကိုလည်း ခြေစွမ်း စမ်းသပ်ဖို့ လုပ်နေပါတယ်။

လာမယ့်နှစ်အတွက် အသင်းက အသုံးစရိတ်လျော့ချထားပေမယ့် အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်သွားမှာပါ ” ဟု ဦးမျိုးဝင်းက ဧရာဝတီအသင်း၏ လာမည့်နှစ် ပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီကုန်ဆုံးချိန်၌ နည်းပြချုပ် မာယန်အပါအဝင် လက်ရွေးစင်ကစားသမားအချို့အား အသင်းမှ ထွက်ခွာခွင့်ပြုခဲ့သည့်အပြင် နိုင်ငံခြားသား ကစားသမားလည်း စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ခြင်း မပြုလုပ်ခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly