ဗုံးကြဲခံ ဂါဇာဒေသဆီ ပြန်လည်တည်ဆောက်ရေးယာဉ်တန်း အီဂျစ် စေလွှတ် 

ဗုံးကြဲခံ ဂါဇာဒေသဆီ ပြန်လည်တည်ဆောက်ရေးယာဉ်တန်း အီဂျစ် စေလွှတ် 
Photo - AFP

ဇွန် ၅

အီဂျစ်နိုင်ငံဟာ အိမ်နီးချင်း ဗုံးကြဲခံ ဂါဇာဒေသမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ပြင်ဆင်ဆောင်ရွက်ဖို့ မြေတူးစက်တွေ၊ ထရပ်ကားတွေနဲ့ ကရိန်းကားတွေ ပါဝင်တဲ့ ပြန်လည်တည်ဆောက်ရေး အကူအညီပေးမှု ယာဉ်တန်းကို သောကြာနေ့က စေလွှတ်ခဲ့ကြောင်း အီဂျစ်အစိုးရက ပြောပါတယ်။ 

“သမ္မတ ဖာတက်ရှ်အယ်လ်စီစီရဲ့ ညွှန်ကြားချက်တွေအရ အင်ဂျင်နီယာနဲ့ နည်းပညာရှင်အဖွဲ့ဟာ ရာဖတ်ရှ်နယ်စပ်ဂိတ်ကို ဖြတ်ကျော်သွားရောက်ခဲ့ပြီ”လို့ အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အီဂျစ်က လုံခြုံရေးအထူးတင်းကြပ်တဲ့ ရာဇတ်ရှ်လမ်းဆုံဟာ ဂါဇာကမ်းမြောင်ရဲ့ ပြင်ပကမ္ဘာဆီ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပြီး အစ္စရေးရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ 

လူဦးရေ နှစ်သန်းခန့် နေထိုင်ပြီး လူနေထူထပ်ရာ ဂါဇာဒေသမှာ ပြီးခဲ့တဲ့လက အစ္စရေးရဲ့ လေကြောင်းထိုးစစ်တွေအတွင်း ပျက်စီးဆုံးရှုံးမှုတွေအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ကူညီဖို့ သမ္မတ စီစီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးအပ်မယ်လို့ ကတိပြုထားပါတယ်။ 

အစ္စရေးနဲ့ ဂါဇာက အစ္စလာမ္မစ်အုပ်ချုပ်ရေး ဟားမတ်ဇ်အဖွဲ့တွေကြား လူအသေအဆုံးများတဲ့ ၁၁ ရက်ကြာ တိုက်တွဲတွေ အဆုံးသတ်ပြီး မေ ၂၁ ရက်နေ့မှာ အပစ်ရပ်ရေး သဘောတူညီချက်ရအောင် အီဂျစ်ဟာ အဓိက ကြားဝင်ဖြန်ဖြေပေးခဇဲ့တာ ဖြစ်ပါတယ်။  

အီဂျစ်အလံလွှင်ထားတဲ့ ဆောက်လုပ်ရေးယာဉ် ဒါဇင်များစွာ ဂါဇာဖက် မောင်းနှင်သွားတဲ့ ဓာတ်ပုံတွေကို အီဂျစ်နိုင်ငံက ထုတ်လွှင့်ခဲ့ပါတယ်။ 

အခု စေလွှတ်တဲ့ ယာဉ်တန်းဟာ ပြန်လည်တည်ဆောက်ရေးအတွက် မြေနေရာ ဖော်ဆောင်ဖို့ လေကြောင်းထိုးစစ်ကြောင့် အပျက်အစီးပုံတွေကို ရှင်းလင်းဖယ်ရှားရာမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အစ္စရေးရဲ့ ဂါဇာကို လေကြောင်းထိုးစစ်တွေအတွင်းမှာ ပါလက်စတိုင်း ၂၅၄ ဦး သေဆုံးကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။ 

ဂါဇာဖက်ကနေ အစ္စရေးဆီ ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်ရာမှာ လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးသတင်းရင်းမြစ်က ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly