တရုတ်တွင် တစ်အိမ်ထောင် ကလေး ၃ ယောက်မူဝါဒကို ကြေညာ

By Free Press Journal
04 June 2021
တရုတ်တွင် တစ်အိမ်ထောင် ကလေး ၃ ယောက်မူဝါဒကို ကြေညာ

တရုတ်နိုင်ငံ၌ မွေးနှုန်းကျဆင်းလာပြီး အသက်ကြီးသူအရေအတွက် များပြားလာချိန်တွင် တစ်အိမ်ထောင် ကလေး ၂ယောက်မူဝါဒက အောင်မြင်မှုမရှိသောကြောင့် အဓိက အပြောင်းအလဲတစ်ခုအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ဇနီးမောင်နှံအားလုံးကို တစ်အိမ်ထောင် ကလေး ၃ ယောက် မွေးဖွားခွင့်ပြုမည်ဟု မေလ ၃၁ရက်က ကြေညာလိုက်သည်။

၁၀ စုနှစ်တစ်စုအကြာမှ ထုတ်ပြန်ခဲ့သော မေလက သန်းခေါင်စာရင်းတွင် ၂၀၂၀ပြည့်နှစ်က ကလေးငယ် ၁၂ သန်းမွေးဖွားခဲ့ကြောင်းဖော်ပြခဲ့ပြီး ယင်းအရေအတွက်သည် ၁၉၆၁ ခုနှစ် အငတ်ဘေးကာလမွေးနှုန်းထက် လျော့နည်းကြောင်း South China Morning Post (SCMP) က ဖော်ပြခဲ့သည်။

၂၀၂၀ သန်းခေါင်စာရင်းအရ တိုင်းပြည်၏ မွေးဖွားနှုန်း စိုးရိမ်ဖွယ်ရာကျဆင်းမှုကို ဖော်ပြပြီးနောက် ယခုကြေညာချက်ပေါ်ထွက်လာခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကောက်ယူခဲ့သော နိုင်ငံလုံးဆိုင်ရာ ၇ ကြိမ်မြောက်သန်းခေါင်စာရင်းအရ တရုတ်လူဦးရေသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း ၅ ဒသမ၃၈ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။

လူဦးရေအချိုးအစားကွာဟချက်ကို လျော့ချရန် 'တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒ' ကိုဖြေလျှော့ပေးခဲ့သော်လည်း မွေးဖွားနှုန်းမှာ ၂၀၁၇ ခုနှစ်မှစ၍ ကျဆင်းခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ကလေးတစ်ဦးမူဝါဒကို လျှော့ချခဲ့သော်လည်း လူ ၁၀ဝဝ လျှင်မွေးဖွားမှုနှုန်းသည် ၂၀၁၈ တွင် ၁၀ ဒသမ ၉၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၁၀ ဒသမ ၄၈ ရာခိုင်နှုန်း အထိ စံချိန်တင်ကျဆင်းသွားခဲ့သောကြောင့် လူဦးရေအချိုးအစား ကွာဟမှု အကျပ်အတည်းကို ဖြစ်လာမည်ကို စိုးရိမ်မှုများပေါ်ပေါက်လာသည်။

ကွန်မြူနစ်ပါတီသည် ယင်း၏ ဆုံးဖြတ်ချက်ချမှတ်သည့် ထိပ်တန်းအဖွဲ့ဖြစ်သော ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များ တွေ့ဆုံမှုအပြီးတွင် ကြေညာချက်ထုတ်ခဲ့သည်ဟု The New York Times သတင်းတွင် ဖော်ပြထားသည်။ ယင်းဆုံးဖြတ်ချက်သည် တိုင်းပြည်၏ လူဦးရေဖွဲ့စည်းပုံကို တိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုလူဦး ရေများပြားလာသည့် ကိစ္စရပ်ကို ထိရောက်စွာ တုံ့ပြန်၍ အမျိုးသားမဟာဗျူဟာကို အကောင်အထည်ဖော်ရန် အထောက်အကူပြုလိမ့်မည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အလုပ်လုပ်ကိုင်သူဦးရေသည် တစ်နှစ်လျှင် ၃ ဒသမ ၄ သန်းခန့်ကျဆင်းခဲ့သည်။ ယခုအချိန်၌ လုပ်ငန်းခွင် ဝင်နေသူများသည် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့အကူးအပြောင်းကာလတွင် မွေးဖွားလာကြသူများဖြစ်သည်။

အစိုးရက ကလေးမွေးဖွားမှု ကန့်သတ်ချက်အားလုံးကို ပယ်ဖျက်ရန် ကာလကြာမြင့်စွာကပင် လူဦးရေပညာရှင်များက စည်းရုံးနှိုးဆော်ခဲ့ပြီး တစ်အိမ်ထောင် ကလေး ၂ယောက်မူဝါဒက အလုပ်မဖြစ်သည့် လက္ခဏာများရှိသော်လည်း တရုတ်အစိုးရသည်ဖြည်းဖြည်းချင်းသာ မူဝါဒပြောင်းလဲခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required