တရုတ်တွင် လင်မယားရန်ပွဲဖျန်ဖြေသည့် သက်ကြီးဝီဂါအမျိုးသမီး ဘာသာရေးအစွန်းရောက်မှုဖြင့် ထိန်းသိမ်းခံရ

By ANI
03 June 2021
တရုတ်တွင် လင်မယားရန်ပွဲဖျန်ဖြေသည့် သက်ကြီးဝီဂါအမျိုးသမီး ဘာသာရေးအစွန်းရောက်မှုဖြင့် ထိန်းသိမ်းခံရ

တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် အိမ်နီးချင်းလင်မယားစုံတွဲ စကားများရန်ဖြစ်မှုကို ဖျန်ဖြေပေးခဲ့သည့် သက်ကြီးဝီဂါအမျိုးသမီးတစ်ဦးကို ‘ဘာသာရေး အစွန်းရောက်မှု’ သံသယဖြင့် ယခုနှစ်အစောပိုင်းက ထိန်းသိမ်းရေးကမ့်စခန်းတစ်ခု၌ ထိန်းသိမ်းထားကြောင်းကို အဆိုပါ ဒေသအာဏာပိုင်များက အတည်ပြုခဲ့သည်။

ယင်းဖြစ်စဉ်တွင် ဇေတွန်ဟန် အစ္စမေးလ် အမည်ရ ကျေးရွာလူကြီးတစ်ဦး မကြာသေးခင်က ဖမ်းဆီးခံခဲ့ရကြောင်းကို စီရင်စုလယ်ဗယ် တာပန်မြို့မှ ရဲတစ်ဦးက ပြောခဲ့သည်ဟု RFA သတင်းဌာနက ဖော်ပြသည်။

“အဲဒီဖြစ်စဉ်က ဇန်န၀ါရီလလောက်က ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ နည်းနည်းတောင် ကြာသွားပါပြီ” ဟု တာပန်မြို့၏ ချာချဲလ် မြို့နယ်မှ ရဲ၀န်ထမ်းဖြစ်သူက အသက် ၆၇ နှစ်အရွယ် အစ္စမေးလ်နှင့်ပတ်သက်ပြီး ပြောခဲ့သည်။

အဆိုပါ ရဲဖြစ်သူ၏ အဆိုအရ အစ္စမေးလ်သည် လွန်ခဲ့သည့် တစ်နှစ်အကြာက ဖြစ်စဥ်တစ်ခုတွင် သူမ၏ ပါ၀င်ပတ်သက်ခဲ့မှုအတွက် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဥ်တွင် လင်မယားစုံတွဲတစ်တွဲ၏ ခင်ပွန်းဖြစ်သူသည် အရက်မူးပြီး အိမ်ပြန်လာခဲ့ပြီး ယင်းနောက် ဇနီးဖြစ်သူနှင့် အပြန်အလှန် စကားများခဲ့ကြောင်း သိရသည်။

“သိရသလောက်ကတော့ အဲဒီလူရဲ့ ဇနီးက အဲဒီအချိန်တုန်းက ကိုယ်၀န်ကြီးနဲ့ပေါ့၊ အစ္စမေးလ်က အဲဒီလူကို သူ့မိန်းမနဲ့ ရန်မဖြစ်ဖို့ ပြောခဲ့ပါတယ်၊ အဲဒီအချိန်မှာ အစ္စမေးလ်က ကလေးချီထားပါတယ်၊ အဲဒီ လင်မယားရဲ့ ယောကျ်ားဖြစ်သူက အရက်မူးပြန်လာရင်းနဲ့ သူ့မိန်းမကို ဆဲနေခဲ့ပါတယ်၊ အစ္စ‌မေးလ်က အဲလိုမျိုး မလုပ်သင့်ဘူးလို့ အဲဒီလူကို ပြောခဲ့ပါတယ်” ဟု ရဲဖြစ်သူက အတည်ပြုသည်။

အစ္စမေးလ်သည် နှစ်များစွာနှင့်ကြာ လက်ထပ်မင်္ဂလာပွဲများနှင့် အသုဘအခမ်းအနားများတွင် ဦးစီးဦးဆောင် ပါ၀င်လုပ်ကိုင်ပေးသူတစ်ဦး ဖြစ်ခဲ့သလို သူမ၏ လုပ်ဆောင်မှုများအတွက် ကျေးရွာကော်မတီ၏ အသိအမှတ်ပြု၊ အားပေးမှုကိုပါ ရရှိထားခဲ့ကာ သူမသည် ရပ်ရွာအသိုင်းအ၀ိုင်းတွင် လူမှုဆိုင်ရာ တည်ငြိမ်မှုကို ပံ့ပိုးပေးသူအဖြစ် ကော်မတီက ရှုမြင်ခဲ့ကြောင်း RFA က ဖော်ပြသည်။

သို့ရာတွင် အထက်ပါ လင်မယား ရန်ပွဲကို ဖျန်ဖြေရန် ရောက်လာခဲ့သည့် ကျေးရွာ ကော်မတီက ထိုရန်ပွဲတွင် အစ္စမေးလ်၏ ကြား၀င်ဖျန်ဖြေမှုက သင့်လျော်မှု မရှိဟု သတ်မှတ်ခဲ့ပြီး သူမကို ဥပဒေဆိုင်ရာ ကိစ္စတစ်ခုတွင်

ပါ၀င်ပတ်သက်မှုအတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ယင်းနောက် ‘ဘာသာရေး အစွန်းရောက်မှု’ ရှိကြောင်း စွပ်စွဲခဲ့သည်။

အစ္စမေးလ်သည် လူသေအလောင်း ရေချိုးရာတွင် အတွေ့အကြုံရှိသူတစ်ဦးဖြစ်သလို ယခင်ကလည်း ရပ်ထဲရွာထဲတွင် မွတ်ဆလင် အလောင်းများကို သင်္ဂြိုလ်မှုအတွက် ပြင်ဆင်ပေးသည့် အလုပ်အတွက်လည်း ဒေသအာဏာပိုင်များ၏ ချီးကျူးခြင်းကို ခံခဲ့ရကြောင်း၊ သူမသည် ဘာသာရေး အသိပညာရှိကြောင်း ရဲ၀န်ထမ်းက ပြောသည်။

၂၀၁၇ ခုနှစ်ကလည်း ကက်ရှ်ဂါမြို့ရှိ အာဏာပိုင်များသည် အသက် ၆၇ နှစ်အရွယ် ဝီဂါမွတ်ဆလင်အမျိုးသားတစ်ဦးကိုလည်း ‘ဘာသာရေး အစွန်းရောက်မှု’ ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်သည့် ဖြစ်စဥ်တစ်ခု ရှိခဲ့ကြောင်း RFA က ဖော်ပြသည်။ ထိုဖြစ်စဥ်တွင် ထောင်ချခံရသည့် ဝီဂါမွတ်ဆလင်အမျိုးသားသည် ယင်းမတိုင်မီ ဆယ်စုနှစ်တစ်စုကျော်က ၎င်း၏သားဖြစ်သူကို မင်္ဂလာဆောင်နေ့ မတိုင်မီ အရက်သောက်ခြင်းကြောင့် အစ္စလမ်ဓလေ့ထုံးတမ်း ချိုးဖောက်သည်ဆိုပြီး ဆူပူကြိမ်းမောင်းထားခဲ့ပြီးနောက် ယင်းကဲ့သို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ရှင်ကျန်းရှိ ထိန်းသိမ်းရေးကမ့်စခန်းများတွင် ဝီဂါ နှစ်သန်းနီးပါးနှင့် အခြား လူနည်းစုမွတ်ဆလင်များ ထိန်းသိမ်းခံထားခဲ့ရသည်။

ပေကျင်းတွင် ထိုကဲ့သို့သော ထိန်းသိမ်းရေးကမ့်စခန်းများ မရှိကြောင်း နှစ်များစွာကြာ ငြင်းဆိုခဲ့ပြီးနောက် တရုတ်သည် ၂၀၁၉ ခုနှစ်က ထုတ်ဖော်ပြောဆိုခဲ့ရာတွင် ထို အဆောက်အအုံနေရာများမှာ လူနေထိုင်သည့် လေ့ကျင့်သင်ကြားရေးစင်တာများဖြစ်ကြောင်းနှင့် ထိုစင်တာများသည် ဝီဂါများအတွက် သက်မွေးမှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးသည့်၊ နိုင်ငံကို အကြမ်းဖက်မှုမှ ကူညီကာကွယ်သည့်၊ အမြစ်မြေလှန်ပြောင်းလဲလိုမှုကို ဟန့်တားသည့် စင်တာများဖြစ်ကြောင်း ပြောခဲ့သည်။

သို့ရာတွင် ထိုကမ့်စခန်းများတွင် ရှိနေသူများမှာ ၎င်းတို့၏ ဆန္ဒနှင့် ဆန့်ကျင်လျက် ထိန်းသိမ်းခံထားရသူများ ဖြစ်နေခြင်း၊ နိုင်ငံရေး အယူ၀ါဒသွတ်သွင်းမှုကို ခံရခြင်း၊ မကြာခဏဆိုသလို ၎င်းတို့ကို ကြီးကြပ်သူများထံမှ ကြမ်းတမ်းသော ဆက်ဆံမှုများကို ကြုံရခြင်း၊ ယေဘုယျအားဖြင့် လူပြည့်သိပ်ကျပ်နေသော စခန်းများတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် အခြေအနေများနှင့် အစားအစာ ညံ့ဖျင်းမှုတို့ကို ကြုံတွေ့ရခြင်း စသည်တို့ ရှိနေခဲ့ကြောင်း ယခင် ထိန်းသိမ်းခံခဲ့ရသူများနှင့် သတင်းမီဒီယာ ဖော်ပြချက်များက ထုတ်ဖော်ထားခဲ့သည်။

ထို့ပြင် ထိုစခန်းများတွင် ထိန်းသိမ်းခံရစဥ်အတွင်း ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု၊ သားကြောဖြတ်မှုနှင့် အခြား ညှင်းပန်းနှိပ်စက်မှုများကို ကြုံရကြောင်းလည်း ယခင်ထိန်းသိမ်းခံရသူများက ပြောခဲ့သည်။

ရှင်ကျန်းရှိ ဝီဂါမွတ်ဆလင်များအပေါ် ဖြိုခွင်းဖိနှိပ်မှုအတွက် ကမ္ဘာတ၀န်း တရုတ်အပေါ် ပြစ်တင်ဝေဖန်ထားမှုများ ရှိနေခဲ့သလို ယခုနောက်ဆုံး လစ်သူရေးနီးယား အပါအ၀င် နိုင်ငံအချို့ကလည်း လူနည်းစု မျိုးနွယ်စုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများက “လူမျိုးတုန်းသတ်ဖြတ်မှု” ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required