ပြောပြချင်တယ်

By နွေဦးမိုးစက်
01 June 2021
ပြောပြချင်တယ်

ဇွန် ၁

ပြောပြချင်တယ်။ တိုက်ပွဲအကြိုတွေ လာနေပြီဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းပြောသလို တိုက်ပွဲကြီးတွေ မလာခင် မီးပွားလေးတွေဆိုတာ အဲဒါပါပဲ။ မကြာခင် လွတ်လပ်ရေးတိုက်ပွဲကြီးတွေဖြစ်မယ်ပေါ့။ ဒါတွေက ဆက်ဖြစ်နေမှာဆိုတော့ တော်လှန်ရေး ရဲဘော်တွေ လုပ်သမျှ ကျွန်တော်တို့မှာ ထောက်ခံပေး ရမယ့် တာဝန်ရယ်၊ နိုင်သလောက်ပံ့ပိုးကူညီပေးရမယ့် တာဝန်ရယ်က အဓိက ရှိလာပါပြီ။ 

ပြောပြချင်တယ်။ နိုင်ငံရေးလုပ်တာ တော်လှန်ရေးလုပ်တာ အတွေ့အကြုံက အလွန်အရေးပါမှန်း နိုင်ငံရေးလုပ်သူတိုင်း တော်လှန်ရေးလုပ်သူတိုင်း သိကြ နားလည်ကြပါလိမ့်မယ်။ အတွေ့အကြုံ ဆိုတာကလည်း ကိုယ်ဖြတ်သန်းပါဝင်ခဲ့ရတဲ့ လက်တွေ့ ကိုယ်တွေ့တွေရယ်။ နောက် စာတွေ့ရယ်၊ လေ့ကျင့်သင်ကြား တတ်မြောက်မှု အတွေ့ရယ်ဆိုပြီး ရှိပါတယ်။ 

ပြောပြချင်တယ်။ ကျွန်တော်တို့ ခုကြုံတွေ့နေရတာတွေက အသက်နဲ့ရင်းပြီး လုပ်ကြရတဲ့ အလုပ်တွေဆို တာရယ်၊ တိကျသေချာမှုရှိဖို့ လိုအပ်တာရယ်၊ လျှို့ဝှက်မှုရှိဖို့ရယ်ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာတွေပဲ ဖြစ်တယ်လို့ အမြဲတမ်း နှလုံးသွင်းထားဖို့ လိုတယ်ဆိုတာပါပဲ။ တိကျသေချာမှုဆိုတာ အချိတ်အဆက်က လွန်စွာ အရေးပါပါတယ်၊ ၈၈ ထက် အားသာတာကတော့ အချိတ်အဆက်ပါပဲ၊ အချိတ်အဆက်မိပါမှ ရန်သူကို ကိုယ်က ဦးအောင် ခြေမှုန်းနိုင်မယ်၊ ကိုယ့်အဖွဲ့သားတွေ အချင်းချင်း ပလန်ဘီ၊ စီ သတ်မှတ်နိုင် မယ်၊ ရှောင်နိုင်တိမ်းနိုင်မယ်၊ ပြောက်ကျားတိုက်ခိုက်နိုင်မယ်၊ ဒီဖက်ခေတ်မှာ လူချင်းမတွေ့နိုင်ရင်တောင် ဆက်သွယ်မှုပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားမှုတွေလုပ်နိုင်ပါတယ်။ ဆက်သွယ်မှုပုံစံအမျိုးမျိုးကိုလည်း ရန်သူဖက်က သတိထားနိုင်တယ်ဆိုတာလည်း ထည့်တွက်ထားရပါမယ်။ ဒါတွေကို ဒီဖက်ခေတ်မှာ ကျော်ခွနိုင်တဲ့ နည်းပညာတွေကို ယနေ့ လူငယ်တွေ တတ်မြောက်ထားတာ အသုံးချနိုင်တာကလည်း ၈၈ ထက် သာလွန်တဲ့ အရည်အချင်းပါပဲ။

ပြောပြချင်တယ်။ လက်ရှိအခြေအနေအရ မြို့ပေါ်မှာ ရန်သူဖက်က စိုးမိုးထားနေချိန်မှာ တော်လှန်ရေး သမားတွေက ပြောက်ကျားနည်းစနစ်တွေနဲ့ မြေအောက်တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါ မိမိပြုလုပ်နေတဲ့ တော်လှန်ရေးနဲ့ မိမိရဲဘော်တွေအပေါ် သစ္စာရှိရမယ်ဆိုတာ အဓိက နံပတ်တစ် ဖြစ်ပါတယ်။ အတွေ့အကြုံအရ ကိုယ့်ရဲဘော်တွေဟာ ယုံကြည်ချက်နဲ့ရော အဟန့်အတား အနေနဲ့ပါ သစ္စာဆိုကြပါတယ်၊ သွေးသစ္စာဆိုကြရပါတယ်၊ တစ်ချို့ သစ္စာရေသောက်ကြပါတယ်။ အဲဒီလောက် လုပ်ထားတာတောင် သစ္စာဖောက်ဖျက်သူတွေရှိပါတယ်၊ လူတွေမှာ ခံနိုင်ရည်ရှိပုံတွေ မတူညီကြသလို စိတ်ဓာတ်အပျော့ အပြင်းဆိုတာလည်းရှိပါတယ်။  အဲဒါကိုလည်း မြေအောက် တော်လှန်ရေး လုပ်နေတဲ့ ရဲဘော်တွေ အနေနဲ့ သတိမလွတ်အောင် ထားရမယ့် အချက်ဖြစ်ပါတယ်။

ပြောပြချင်တယ်။ ဒီဖက်ခေတ်မှာ လက်ကိုင်ဖုန်းတွေ ပေါများတာ ကားတွေပေါများတာ မော်တော် ဆိုင်ကယ်တွေ ပေါများတာကလည်း  ၈၈ နဲ့ မတူတဲ့ အားသာချက်တွေပါ။ဒါတွေကို ဆက်သွယ်ရေး စနစ်နဲ့ လက်လုပ်ပစ္စည်းတွေပေါင်းစပ် လိုက်ရင်၊ အကယ်၍များ ခေတ်မီအသစ်အဆန်းတွေနဲ့သာ ပေါင်းစပ်ပြီး တိုက်ပွဲဝင်လိုက်ရရင် သေချာပေါက် တော်လှန်ရေးက အောင်မြင်မှာပဲ ဖြစ်ပါတယ်။ အဲဒီအောင်မြင်မှုတွေကို ပိုပြီးခိုင်မာစေတာကတော့ ကျွန်တော်တို့မှာ ပြည်သူလူထုက ရွေးချယ်တင် မြောက်ထားတဲ့ အစိုးရအဖွဲ့ရှိနေတာကိုက ၈၈ ထက် ပိုပြီးသာလွန်နေတာပဲ ဖြစ်ပါတယ်။

ပြောပြချင်တယ်။ ၈၈ နဲ့ လုံးဝကို မတူခြားနားနေတာကတော့ ၂၀၂၁ မှာ အထူးသဖြင့် ပြည်သူ့ကာကွယ် ရေးတပ်မတော်ပေါ်ပေါက်လာပြီး ဂျန်းဇီး(Gen – Z) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လိုက်ကာ သင်တန်းပေး သင်တန်းတက် သင်တန်းဆင်းတာပဲ ဖြစ်တယ်၊ ဒီသင်တန်းကို NUG အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အမှာစကားပြောတာ ဟာလည်း ထူးခြားမှုဖြစ်ပါတယ်။ လူငယ်တွေရဲ့ စိတ်ပိုင်းရုပ်ပိုင်းတွေ တက်ကြွစေပါတယ်။ ဒီထက် စိတ်ပိုင်းဖြတ်မှုကတော့  Gen – Z တွေရဲ့ စိတ်ထဲမှာ ဒီတော်လှန်ရေးဟာ နိုင်ကို နိုင်မှ ဖြစ်မယ်၊ နိုင်အောင်တိုက်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ 

ပြောပြချင်တယ်။ ရန်သူကိုတိုက်ခိုက် ခြေမှုန်းတော့မယ်ဆိုရင် ရန်သူရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း သိထားရအောင်လုပ်ရပါတယ်၊ ဒီအချိန်မှာ ရန်သူက မတရားသဖြင့် ပြုမူဆောင်ရွက်နေတာတွေ၊ အဲဒီ ပြုမူဆောင်ရွက်နေတာတွေကို ပြည်သူလူထုနဲ့ နိုင်ငံတကာက သိရှိနေတာပဲ ဖြစ်ပါတယ်။ သူတို့က နိုင်ငံတော်နဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တယ်ဆိုပြီး တကယ်တန်းမှာတော့ အာဏာရရေး အတွက် မဲဆန္ဒရှင်ပြည်သူတွေကို စော်ကားလိုက်တာရယ်၊ အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ဆန္ဒပြ နေတဲ့ ကျောင်းသား လူငယ်၊ ကလေးငယ်တွေနဲ့ ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်တဲ့ အကြမ်းဖက်စစ်တပ်ဖြစ်နေတာကို ပြည်သူအားလုံးနဲ့ အကြမ်းဖက်စစ်ကောင်စီက လူတစ်ချို့ သိရှိသွား တာပဲဖြစ်ပါတယ်။ 

အဲဒီ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လူတစ်ချို့ဟာ အခြေအနေပေါ်မူတည်ပြီး အမြင်မှန်ရကာ ထွက်ပြေးသူတွေ ဘက်ပြောင်းသူတွေ အာဏာဖီဆန်ရေး (CDM) မှာပါဝင်လာသူတွေ ရှိလာပါတယ်။ အကြမ်းဖက်အဖွဲ့က နောက်လူတစ်ချို့ကတော့ စိတ်ဓာတ်ပျက်ပြားပြီး ခိုးဆိုးလုယက် မူးယစ် ဆေးစွဲသူတွေဖြစ်ကာ အာဏာရူးမင်းအောင်လှိုင် အဖွဲ့ကို အလုပ်အကျွေးပြုနေတာလည်း တစ်ကမ္ဘာလုံး အသိပင်ဖြစ်ပါတယ်။

လက်နက်ကိုင်တာ ဘာအတွက်ကြောင့် ကိုင်တာလဲ။ စစ်တိုက်နေတာ ဘာအတွက်ကြောင့် တိုက်တာလဲ။ လူသတ်နေတာ ဘာအတွက်ကြောင့် သတ်ဖြတ်နေတာလဲ ဆိုတဲ့ မေးခွန်းကို အကြမ်းဖက်စစ်ကောင်စီက ဖြေမယ်ဆို အာဏာရဖို့ လုပ်ချင်တာလုပ်ဖို့ ဆိုတာပဲ ဖြေလို့ရမှာပဲဖြစ်ပါတယ်။ တိုင်းပြည်အကျိုးအတွက် ပြည်သူ့အကျိုးအတွက်ဆိုတာ မရှိတော့တဲ့ စစ်တပ်မှာ ပြည်သူ့အခွန်ဘဏ္ဍာတွေစားနေတဲ့ ပြည်သူ့ အခွန်ဘဏ္ဍာတွေနဲ့ဝယ်ထားတဲ့ လက်နက်တွေနဲ့ ပြည်သူကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဲ့တပ်မှာ တပ်တွင်းပုန်ကန်မှုတွေလည်း ဖြစ်လာပါလိမ့်မယ်။

ဒီနေရာမှာတော့ Gen – Z တွေရဲ့ စိတ်ဓာတ်ဟာ တိုင်းပြည်အတွက် တိုင်းရင်းသားပြည်သူတွေအတွက် အနာဂတ်မြန်မာနိုင်ငံ လှပသာယာတိုးတက်ဖို့ဆိုတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေဖြစ်လို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဘယ်သူသေသေ ငတေ မာရင်ပြီးရောစိတ်ဓာတ်နဲ့တော့ ခြားနားပြီး ဓမ္မနဲ့ အဓမ္မတိုက်ပွဲ ဟာ မကြာတော့သော အချိန်အတွင်းမှာ ဓမ္မဖက်က နိုင်တော့မှာ ဖြစ်ပါတယ်။ 

ပြောပြချင်တယ်။ ၈၈ မှာ အင်စတီကျူးရှင်းတွေ စုဖွဲ့မှုတွေ အားမရှိခဲ့ပါဘူး၊ စနစ်မကျခဲ့ပါဘူး၊ ၂၀၂၁ မှာတော့  ၈၈ လိုမဟုတ်ဘဲ အင်စတီကျူးရှင်းတွေ ၊ စုဖွဲ့မှုတွေ အားကောင်းမောင်းသန်ဖြစ်နေပါပြီ၊ လူချင်းမတွေ့ရပေမယ့် လက်ကိုင်ဖုန်းက  ဗီဒီယိုကွန်ဖရင့်တွေကနေ တွေ့လို့ ပြောလို့ ဆွေးနွေးလို့ အသုံးချလို့ ရနေပြီး တော်လှန်ရေးနဲ့ ပေါင်းစပ်လိုက်ရင် မလွှဲမသွေ အောင်မြင်မှာပဲ ဖြစ်ပါတယ်။

မည်သူကမျှ စစ်ပွဲတွေ တိုက်ပွဲတွေ လူတွေသေနေတာ အလိုရှိမှာမဟုတ်ကြပါဘူး။ ခုတော့ ကျွန်တော်တို့ ပြည်သူတွေကို မျိုးဆက်တွေကို အကြမ်းဖက်စစ်ကောင်စီက  သတ်ဖြတ်နေတာတွေ၊ မိန်းကလေးတွေကို အဓမ္မကျင့်စော်ကားနေတာတွေ အများပိုင်ပစ္စည်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးဆိုးလုယက်ဖျက်ဆီးနေ တာတွေကြောင့် ကျွန်တော်တို့ဟာ မဖြစ်မနေ အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းပစ်ဖို့ လက်နက်ကိုင်တော်လှန် ရေး စတင်ရတော့မှာ ဖြစ်ပါတယ်။

ပြောပြချင်ပါတယ်။ ကျွန်တော်တို့မှာ ဆန္ဒရှိမယ်၊ စိတ်ဓာတ်ခွန်အားတွေရှိမယ်၊ ဇွဲလုံ့လရှိမယ်၊ ဉာဏ်ပညာပါ ထည့်ပေါင်းလိုက်ရင် ဘယ်အရာမဆို မုချ အောင်မြင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ပါ တယ်။  ။
(နွေဦးမိုးစက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly