အိန္ဒိယTata Digital က BigBasket ကုန်ပစ္စည်းအရောင်းလုပ်ငန်း၏ အစုရှယ်ယာအများစုကို ဝယ်ယူ

အိန္ဒိယTata Digital က BigBasket ကုန်ပစ္စည်းအရောင်းလုပ်ငန်း၏ အစုရှယ်ယာအများစုကို ဝယ်ယူ

အိန္ဒိယနိုင်ငံတွင် Tata Sons ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော Tata Digital သည် ကုန်ပစ္စည်းအရောင်းလုပ်ငန်းဖြစ်သည့် BigBasket ၏ အစုရှယ်ယာအများစုကို ဝယ်ယူရရှိလိုက်ကြောင်း ကုမ္ပဏီက မေလ ၂၈ရက်တွင် ကြေညာခဲ့သည်။

BigBasket သည် e-grocery နယ်ပယ်တွင် ပစ္စည်းအမယ်မျိုးစုံကို လိုချင်သည့် နေ့ရက်နှင့် အချိန်အတွင်း နေအိမ်သို့ အရောက်ပို့ဆောင်သည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည်။

ကုမ္ပဏီ၏အဆိုအရ e-grocery သည် စားသုံးသူ e-commerce နယ်ပယ်တွင် အလျင်အမြန် တိုးတက်နေသော လုပ်ငန်းတစ်ခုဖြစ်ပြီး အိန္ဒိယ၏ စားသုံးမှုမြင့်တက်လာခြင်း၊ ဒစ်ဂျစ်တယ်အသုံးပြုမှု များပြားလာခြင်းတို့ကြောင့် လုပ်ငန်း တိုးတက်လာခြင်းဖြစ်သည်။

လက်ရှိကပ်ရောဂါက အခြေအနေသည် စားသုံးသူများက အရည်အသွေးပြည့်ဝသော ကုန်ပစ္စည်းများကို လွယ်လင့်တကူမှာယူကာ နေအိမ်သို့ စိတ်ချလက်ချအရောက်ပို့နိုင်သည့် အနေအထားကို တွန်းအားပေးနေကြောင်း ကုမ္ပဏီက ဆိုသည်။

ထို့ပြင် အဆိုပါ လုပ်ငန်းသည် ထုတ်လုပ်သူမှ စားသုံးသူထံသို့တိုက်ရိုက်သွားသည့် ထုတ်လုပ်ရောင်းချသည့် ကွင်းဆက်ကို တောင်သူ ၁၂၀ဝဝ ကျော်နှင့် ထူထောင်ထားပြီး အိန္ဒိယတစ်ဝန်းတွင် စုဆောင်းရေးစင်တာများဖြင့် လည်ပတ်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ကုန်စုံဆိုင်ဆိုတာ အိန္ဒိယက လူတစ်ဦးချင်းစီရဲ့ စားသုံးမှုကဏ္ဍထဲမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ BigBasket က အိန္ဒိယရဲ့ အွန်လိုင်းကတစ်ဆင့် အကြီးဆုံး လက်လီကုန်စုံ ရောင်းဝယ် ရေး လုပ်ငန်းပါ။ ကြီးမားတဲ့ စားသုံးသူဒစ်ဂျစ်တယ်ဂေဟစနစ်ကို ဖန်တီးချင်တဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီပါတယ်" ဟု Tata Digital ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ပတ်ထရစ်ပယ်လ်က ပြောကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် Tata Group သည် နယ်ပယ်စုံတွင် စားသုံးသူ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်သည့် ဒီဂျစ်တယ်စားသုံးသူ ဂေဟစနစ်ကို ပေါင်းစပ်ဖွဲ့စည်း တည်ဆောက်နေသည်။

BigBasket ကုမ္ပဏီကို ၂၀၁၁ ခုနှစ်တွင် ဘန်ဂလာရုမြို့တွင် စတင်တည်ထောင်ခဲ့ပြီး အိန္ဒိယမြို့ကြီး ၂၅ ခုကျော်ထိ ယင်း၏ လုပ်ငန်းများ တိုးချဲ့ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required