ကပ်ဘေးကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ခရီးသွားလုပ်ငန်းထိခိုက်ပြီး မြင်းတွေ အစာငတ် သေဆုံး 

ကပ်ဘေးကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ခရီးသွားလုပ်ငန်းထိခိုက်ပြီး မြင်းတွေ အစာငတ် သေဆုံး 
Photo - AFP

မေ ၃၁

ကပ်ဘေးကြောင့် စီးပွားရေးကျဆင်းမှု ကြုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခရီးသွားလုပ်ငန်းမှာ ထိခိုက်ရတာကြောင့် နိုင်ငံရဲ့ လူအလာများဆုံး အပန်းဖြေရာ အရပ်မှာ တစ်လအတွင်း အစာငတ်လို့ မြင်းကောင်ရေ ၂၀ ကျော်ထက်မနည်း သေဆုံးရတယ်လို့ မြင်းပိုင်ရှင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ 

လူဦးရေ ၁၆၈ သန်းရှိရာ ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လှိုင်းသစ်ကို ရင်ဆိုင်တိုက်ထုတ်နေရပြီး နိုင်ငံရေး ကျန်းမာရေးစနစ်မှာလည်း ရုန်းကန်နေရသလို နိုင်ငံအနှံ့ လော့ဒေါင်းချတာတွေလည်း လုပ်ဆောင်နေရပါတယ်။ 

ကမ္ဘာအရှည်ဆုံး ကမ်းခြေတွေက တစ်ခုဖြစ်တဲ့ ကော့ဘဇားကမ်းခြေမှာ ကမ္ဘာလှည့်ခရီးသွားတွေ စီးကြလေ့ရှိတဲ့ မြင်းတွေကို အစာကျွေးနိုင်ဖို့တောင် ရုန်းကန်နေရတယ်လို့ မြင်းပိုင်ရှင်တွေက ပြောကြပါတယ်။ 

“ကိုရိုနာဗိုင်းရပ်စ် ထိုးနှက်ခံရချိန်မှာ ခရီးသွားဧည့်ဦးရေဟာ ချောက်တီးချောက်ချက် ဖြစ်သွားတဲ့အထိကို သိသိသာသာ ထိုးကျသွားတယ်”လို့ ကော့ဘဇား မြင်းပိုင်ရှင်များ အသင်းက ပြောခွင့်ရအမျိုးသမီး ဖာရီဒါဘတ်ဂမ်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

ကူးစက်ဖြစ်ပွားမှု နှေးကွေးသွားချိန် ဒီဇင်ဘာနဲ့ ဖေဖော်ဝါရီကြားမှာ ကော့ဘဇားခရိုင်ဆီ ခရီးသွားတွေ ယာယီပြန်လည်ရောက်ရှိခဲ့ပေမယ့် ဧပြီ ၁၄ ကစလို့ လော့ဒေါင်းသစ်တွေကြောင့် ဧည့်သည်လာရောက်မှု ခြောက်ကပ်သွားခဲ့ပြန်ပါတယ်။ 

ကမ်းခြေမှာ ခရီးသွားတွေ စီးကြဖို့ ဝန်ဆောင်မှုပေးတဲ့ မြင်းကောင်ရေ ၉၀ ကျော်မှာ ၂၁ ကောင်ဟာ ပြီးခဲ့တဲ့လအတွင်း သေဆုံးကြရပြီး ကျန်တဲ့အကောင်တွေဟာလည်း ပိန်ချုံးချည့်နဲ့နေပြီလို့ ဘတ်ဂမ်းက ပြောပါတယ်။ 

မနှစ်က လော့ဒေါင်းကာလအတွင်း သူ့အပိုင် မြင်း ရှစ်ကောင် အပါအဝင် သေဆုံးရတဲ့ မြင်း ၄၁ ကောင်ရှိခဲ့တယ်လို့ ဘတ်ဂမ်းက ဆိုပါတယ်။ 

မြင်းပိုင်ရှင်အချို့ကတော့ သူတို့ မြင်းတွေကို မြက်စားရင်း၊ အစာအဆာ ရှာဖွေစားသောက်ရင်း အသက်ရှင်ကြနိုင်မယ် မျှော်လင့်ချက်နဲ့ ဘေးမဲ့လွှတ်ပေးခဲ့ကြပါတယ်။ 

ကိုယ့် မိသားစုကိုတောင် ကျွေးမွေးနိုင်ဖို့အတွက် ရုန်းကန်နေရပြီး နောက်ဆုံးမှာ ငွေတိုးချေးစားသူတွေဆီက အတိုးနဲ့ ချေးငှားနေရတယ်လို့ မြင်းပိုင်ရှင်တွေက ပြောကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required