တရုတ်က Tianzhou-2 ကုန်တင်အာကာသယာဉ်ကို အာကာသစခန်းသို့ အောင်မြင်စွာ လွှတ်တင်

By Zee News
31 May 2021
တရုတ်က Tianzhou-2 ကုန်တင်အာကာသယာဉ်ကို အာကာသစခန်းသို့ အောင်မြင်စွာ လွှတ်တင်

အာကာသဆိုင်ရာ အထောက်အပံ့များ၊ ကိရိယာများ၊ လောင်စာနှင့် တွန်းကန်ပစ္စည်းများ သယ်ဆောင်ထားသည့် အလိုအလျောက်ထိန်းချုပ်စနစ်ပါ ကုန်တင်အာကာသယာဉ်တစ်စင်းကို တရုတ်က မေလ ၂၉ ရက်တွင် ယင်းနိုင်ငံ၏ အာကာသစခန်းသစ် Tianhe သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

ထောက်ပံ့ပို့ဆောင်ရေး အာကာသယာဉ် Tianzhou-2 ကို သယ်ဆောင်ထားသည့် Long March-7 Y3 ဒုံးပျံကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်း ပြည်နယ်ရှိ ၀မ်ချန်း အာကာသယာဥ် လွှတ်တင်ရေး စင်တာကနေ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်၏ အာကာသ အေဂျင်စီ (CMSA) က ထုတ်ပြန်သည်။

Tianzhou-2 အာကာသယာဉ်သည် အထောက်အပံ့များ၊ ကိရိယာများ၊ လောင်စာနှင့် တွန်းကန်ပစ္စည်းများကို ပေးပို့ရန် အာကာသစခန်း၏ အဓိကအစိတ်အပိုင်း Tianhe မော်ဂျူးနှင့် ချိတ်ဆက်ရန် စီစဉ်ထားခဲ့သည်။ “နည်းပညာ အကြောင်းရင်းများ” ကြောင့် သီတင်းပတ်တစ်ပတ်ကျော်ကြာ နှောင့်နှေးကြန့်ကြာခဲ့ပြီးနောက် ယင်းကို လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

ကနဦး နှောင့်နှေးမှု ရှိခဲ့သော်ငြား ပထမဆုံးသော အာကာသစခန်း ထောက်ပံ့ရေးမစ်ရှင်အတွက် Tianzhou-2 ကို လွှတ်တင်ခဲ့ကြောင်း တရုတ် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ဖော်ပြသည်။

Tianhe မော်ဂျူးသည် “မိုးကောင်ကင်နန်းတော်” ဟု အဓိပ္ပါယ်ရသည့် အာကာသစခန်း Tiangong ၏ စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှု စင်တာအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ကာလတို ရှိနေမှုများအတွက် တစ်ကြိမ်လျင် အာကာသယာဥ်သုံးစင်းအထိ ချိတ်ဆက် ဆိုက်ကပ်နိုင်မည့် ချိတ် (node) တစ်ခုလည်း ရှိနေသည်။

လာမည့်နှစ်ကုန်မတိုင်မီ စခန်း တည်ဆောက်မှုကို အပြီးသတ်မည့် ယင်း၏ ရည်ရွယ်ချက်၏ တစ်စိတ်တစ်ဒေသအဖြစ် တရုတ်သည် ယင်း၏ အာကာသစခန်း၏ အဓိက အစိတ်အပိုင်း မော်ဂျူးကို ဧပြီ ၂၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ထားခဲ့သည်။

ယင်းကို တရုတ်၏ အကြီးဆုံး ဒုံးပျံ Long March-5B Y2 ကို သုံးပြီး လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး အဓိက အစိတ်အပိုင်း မော်ဂျူးကို ထားရှိပြီးနောက် ကမ္ဘာမြေသို့ ပြန်ကျချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ဂယက်ရိုက်မှုတစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ယင်းဒုံးပျံ၏ အစိတ်အပိုင်း အကြွင်းအကျန်များသည် မေလ ၉ ရက်က မော်လ်ဒိုက်အနီး အိန္ဒိယသမုဒ္ဒရာထဲ ဘေးကင်းစွာ ပျက်ကျခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်မှု သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။

တရုတ်ဒုံးပျံ၏ အစိတ်အပိုင်းများ တစ်ရှိန်ထိုးကျလာမှုအပေါ် အမေရိကန်၊ နာဆာနှင့် နိုင်ငံတကာ ရူပနက္ခတ္တဗေဒပညာရှင်များထံမှ ပြင်းထန်သည့် ပြစ်တင်‌ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ယင်းအပျက်အစီးများ လူနေဧရိယာများသို့ ကျကောင်းကျလာနိုင်သည်ဆိုပြီး စိုးရိမ်ပူပန်မှုများ ထွက်ရှိခဲ့သလို ထိုကဲ့သို့ ဒုံးပျံ၏ အစိတ်အပိုင်းများ အထိန်းအကွပ်မဲ့ ကျလာမှုဖြစ်စဥ်၌ တရုတ်သည် အဆင်အခြင်မဲ့သည့် စွန့်စားမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုခဲ့ကြသည်။

ဒုံးပျံကို ထိန်းချုပ်မှုကင်းမဲ့စွာဖြင့် ကမ္ဘာမြေဆီ ပြန်ကျစေမှုကို ဖြစ်စေခဲ့ခြင်းအတွက် နာဆာ အုပ်ချုပ်ရေးမှူး ဆိနိတ်တာ ဘီလ် နယ်လ်ဆင်က တရုတ်ကို ပြစ်တင်ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required