ဘွဲ့စာရွက်လေးတစ်ရွက်နဲ့ ငွေကြေးတွေထက် လိပ်ပြာသန့်သန့်နဲ့ပဲ အသက်ရှင်ချင်တဲ့သူ

ဘွဲ့စာရွက်လေးတစ်ရွက်နဲ့ ငွေကြေးတွေထက် လိပ်ပြာသန့်သန့်နဲ့ပဲ အသက်ရှင်ချင်တဲ့သူ
ဓါတ်ပုံ- ကျောင်းဆရာ၊ ဆရာမများဟာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများမှာ တာဝန်ထမ်းဆောင်ခဲ့ကြရပါတယ်။ အာဏာသိမ်းစစ်အုပ်စုက မဲမသမာမှုတွေရှိလို့ လုပ်ရပါတယ်ဆိုတဲ့အကြောင်းပြချက်က ဆရာ ဆရာမတွေကို နာကျည်းစေခဲ့ပါတယ်။

မေ ၃၁

အလုပ်ကထုတ်လိုက်တယ်ဆိုတဲ့စာကိုရတော့ ဆရာမ ဒေါ်နွယ်နွယ်အေး (အမည်လွှဲ) ဟာ လွတ်မြောက်သွားသူတစ်ဦးလို စိတ်လက်ပေါ့ပါးသွားပါတောတ့ယ်။

CDM လုပ်ပြီး အိမ်မှာပဲနေတဲ့ လေးလနီးပါးကာလမှာ နေ့တိုင်းလိုလို  စာပို့ခြိမ်းခြောက်တာတွေ၊ ဖုန်းဆက်ခြိမ်းခြောက်ပြောဆိုမှုတွေနဲ့ လူမှုကွန်ယက်ကနေတဆင့် စိတ်ဓာတ်ပျက်အောင်လာပြောဆိုတာတွေကနေ လွတ်မြောက်သွားသလို ပထမဆုံး ခံစားခဲ့ရတာဖြစ်ပါတယ်။ 

အိမ်ကိုရောက်လာတဲ့ စာအိတ်လေးဟာ အရင်လို ခုံရုံးမွာ လာအစစ်ခံရမယ့်အကြောင်းတွေ၊ ကျောင်းမတက်ရင် ဖမ်းမယ့်စာရင်း နေပြည်တော်မှာ ရောက်နေပြီဆိုတဲ့ အကြောင်းတွေ မဟုတ်တော့ပဲ အလုပ်မှ ထုတ်ပယ်လိုက်ပြီဆိုတဲ့အကြောင်းကြားစာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂ရက်နေ့ကစပြီး ကျောင်းကို ဆက်မသွားဖြစ်တော့တဲ့ အစပိုင်းအချိန်ကာလတွေကတော့ သူ့အတွက် ပုံမှန်ရက်တွေလိုပါပဲ။ ဒါပေမယ့် ရက်နည်းနည်းကြာလာတော့ ကျောင်းသွားပြီး စာသင်ချင်စိတ်တွေ ဖြစ်လာပါသေးတယ်။ 

ပုံမှန် ရုံးတက်ပြီး ကျောင်းသွားနေတဲ့ သူငယ်ချင်းတွေရဲ့ ဖုန်းဆက်ပြောဆိုမှုတွေကလည်း ယိုင်နေတဲ့ သူမရဲ့စိတ်ကို ပိုပြီး အတွေးတွေများလာစေခဲ့တယ်။ ဘယ်အစိုးရတက်တက် တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့အတွေးဟာ ထောင်ထဲရောက်နေတဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ သေဆုံးသွားတဲ့သူတွေကြောင့် ပျက်ပြယ်သွားခဲ့တယ်လို့ သူမက ပြောတယ်။

" ဆရာမကို လာဆွယ်ကြတာတွေရှိတာပေါ့။ ပညာရေးက နိုင်ငံရေးနဲ့ မဆိုင်ဘူးပေါ့။ ဒါပေမယ့် ဘယ်အစိုးရတက်တက် တာဝန်ထမ်းဆောင်ရမယ်ဆိုတာကလည်း ဒီမိုကရေစီနည်းလမ်းကျတက်လာတဲ့ အစိုးရကို ဆိုလိုတာပါ။အခုက အာဏာကို လုယူလိုက်တာလေ။ သူတို့ ဘယ်လိုပြောပြော ဆရာမကတော့ ငြင်းပယ်လိုက်တယ်။ ဘယ်လိုစိတ် ဘယ်လိုမျက်နှာနဲ့ ကျောင်းသွားနိုင်မလဲ။  ထောင်ထဲမှာ ကျောင်းသားတွေ ဆရာ ဆရာမေတွေ အဖမ်းခံထားရတယ်။ အသက်ပေးလိုက်ရတဲ့ သူတွေလည်း အများကြီး။ ဘယ်လိုစိတ်နဲ့မှ ကျောင်းပြန်မတက်နိုင်ဘူး" လို့ ပြောပါတယ်။ 

CDM စလုပ်ကာစာမှာတော့ သူတန်ဖိုးထားရတဲ့ အလုပ်ကို စွန့်လွှတ်လိုက်ရမှာ နှမျောတာနဲ့ ငွေကြေးအခက်အခဲဖြစ်မှာတွေကို စိတ်ပူခဲ့ရပါတယ်။  မိသားစုအတွက်တွေးပြီး စိတ်ပူခဲ့ရသလို သူ့အနာဂတ်အတွက်လည်း ကြောက်ရွံမှုတွေ ဖြစ်ခဲ့ရတယ်။ သပိတ်စစ်ကြောင်းတွေသွားတဲ့အခါတိုင်း ပြည်သူတွေရဲ့ အားပေးမှုတွေကလည်း သူမရဲ့ CDMကို ပိုမိုခိုင်မာလာခဲ့သလို ပြည်သူကို မတရားနှိမ်စက်ဖမ်းဆီး သတ်ဖြတ်တဲ့ စစ်ကောင်စီကြောင့် CDMကို ဆက်လုပ်ဖို့ ဖြစ်ခဲ့တာလို့ သူမက ဆိုပါတယ်။

CDM မလုပ်တဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် ထိခိုက်စေတာတွေ မလုပ်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ်နေဖြစ်ကြတယ်လို့ ဆရာမက ပြောပြီး စကားမပြောဖြစ်တော့တဲ့ သူငယ်ချင်းတွေနဲ့ အမြင်မကြည်လင်လို့ ပြသနာရှာတဲ့ သူငယ်ချင်းတွေတော့ ရှိတာပေါ့"လို့ သူ ထပ်ပြောပါတယ်။ 

ဒါပေမယ့် အသေးစိတ်အကြောင်းအရာတွေကိုတော့ ပြောဖို့လောက်အထိ စိတ်ပါပုံမရပါဘူး။

လက်ရှိတွင် ပညာရေးဌာနတစ်ခုလုံးမှာ မြေပြင်စာရင်းများအရ CDM ပြုလုပ်တဲ့ ဆရာ ဆရာမအရေအတွက်မှာ ၆၀ရာခိုင်နှုန်းကျော်ရှိနေပြီး ပညာရေးဝန်ထမ်း ၄၅၀,၀၀၀ ကျော်မှာ ၁၅၀,၀၀၀ ကျော်က အလုပ်ရပ်နားစာရင်းနဲ့ ယာယီရပ်နားစာရင်းတွေ ထွက်ရှိထားကြတယ်လို့ ပညာရေးနယ်ပယ်က တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

" စစ်ကောင်စီက ကျွန်တော်တို့ဝန်ထမ်းတွေကို ချော့ခေါ်နေတာ။ ထောင်ချတာ၊ ဖမ်းပြတာက ကြောက်မလားလို့လုပ်နေတာလေ။ မကြောက်တော့ အခုချော့ခေါ်နေရပြီ။ ဒါ့အပြင် ထီပါလှည့်ပတ်ပြီး ချော့ရောင်းနေရပြီမို့ ကျွန်တော်တို့အရေးတော်ပုံက အောင်နေပါပြီ" လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းစကတည်းက CDM လုံးဝမလုပ်တဲ့သူရှိသလို CDM လုပ်ပြီးကာမှ အခြေအနေအမျိုးမျိုးနဲ့ ပျက်ပြယ်သွားသူတွေရှိကြတဲ့ ဆရာမဒေါ်နွယ်နွယ်တို့ဌာနမှာတော့ သူ့လိုပဲ စိုက်လိုက်မတ်တတ် CDM လုပ်နေသူကတော့ ငါးဦးလောက်ပဲရှိတော့တယ်လို့ဆိုပါတယ်။ 

CDM လုပ်ပြီးမှ စစ်ကောင်စီရဲ့ စကားကို ယုံကြည်ပြီး အလုပ်ပြန်ဝင်ကြတဲ့ ပညာရေးဝန်ထမ်းတချို့ဟာ  ခေါင်းစဉ်အမျိုးမျိုးနဲ့ အဖမ်းခံနေရတာတွေလည်း ရှိနေပါတယ်။ 

ဆရာမဒေါ်နွယ်နွယ်အေးကတော့ " ဘွဲ့ဆိုတာ စာရွက်လေးတစ်ရွက်လောက်ပါပဲ။ အဓိက အသိညဏ်ပညာရှိဖို့ အမှားအမှန်ခွဲခြားတတ်ဖို့၊ ဓမ္မ အဓမ္မ ခွဲခြားတတ်ဖို့သာလျှင် အရေးကြီးတာပါ။ စားစရာမရှိရင်တောင် လိပ်ပြာသန့်သန့်နဲ့ပဲ အသက်ရှင်ချင်တယ်" လို့ ပြတ်ပြတ်သားသားပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly