တိဘက် ဘာသာရေးတွင် တရုတ်မူသွင်းရန် တရုတ်ကြိုးပမ်း

တိဘက် ဘာသာရေးတွင် တရုတ်မူသွင်းရန် တရုတ်ကြိုးပမ်း

ဘာဆာ (တိဗက်)

တိဘက်ဒေသတွင် တရုတ်အစိုးရက လူ့အခွင့်အရေချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာက ပြစ်တင်မှုများ ရှိနေသော်လည်း ဘာသာရေးတွင် တရုတ်သဘောတရားများ ပါရှိရေးနှင့် ဒေသတွင်း ခွဲထွက်ရေးဝါဒကို နှိပ်ကွပ်ရန် လာဆာရှိ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

တိဘက်အား ကွန်မြူနစ်ပါတီက ထိန်းချုပ်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်တွင် ပါတီအတွင်းရေးမှူး ဝူယင်ကျီက တရုတ်မူဟန်ရှိသည့် ဘာသာရေးကို ဖော်ဆောင်ရန်နှင့် တိဘက်တွင် ပါတီ၏ ဦးဆောင်မှုကဏ္ဍရှိစေရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြောကြားခဲ့ရာတွင် ယင်းလုပ်ဆောင်ချက်သည် တရုတ်အစိုးရက ဒေသတွင်း တင်းကြပ်မှုဖြစ်သည်ဟု South China Morning Post တွင် ဖော်ပြသည်။

“တိဘက်ဗုဒ္ဓဘာသာဟာ တရုတ်ယဉ်ကျေးမှုရဲ့ အစိတအပိုင်းတစ်ရပ် ဖြစ်အောင် မိမိတို့ ကြိုးပမ်းရပါမယ်” ဟု ဝူက ပြောသည်။ ခွဲထွက်ရေးဝါဒကို နုစဉ်ကပင် မကြီးထွားအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ခွဲထွက်ရေးနှင့် ထိုးဖောက်စိမ့်ဝင်သည့်လုပ်ဆောင်ချက်များကို ဖြိုခွဲရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

တိဘက်ဒေသသည် ၇ ရာစုကပင် တရုတ်နိုင်ငံ၏ ခွဲထုတ်မရနိုင်သော အစိတ်အပိုင်းဒေသတစ်ခုဖြစ်ကြောင်း ပါတီက အစီရင်ခံစာတစ်စောင်ကိုလည်း ထုတ်ပြန်ထားသည်။

အနောက်နိုင်ငံများအနေဖြင့် တိဘက်ဒေသလွတ်လပ်ရေးလှုပ်ရှားမှုကို ထောက်ခံနေကြောင်း စွပ်စွဲထားသလို၊ တိဘက်ဒေသတွင် ခွဲထွက်ရေး လုပ်ဆောင်ချက်များကို ဖြိုခွဲသွားမည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၁၉ရာစုအလယ် ဘိန်းစစ်ပွဲကာလအလွန်တွင် ဗြိတိန်ဦးဆောင်သည့် အရင်းရှင်အုပ်စုများသည် ‘တိဘက်ဒေသ လွတ်လပ်ရေး’ အယူအဆကို စတင် သွတ်သွင်းလာကာ တရုတ်၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို နိုင်ငံတကာက ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည်” ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကိုလံဘီယာတက္ကသိုလ်မှ ခေတ်သစ်တိဘက်လေ့လာရေးအစီအစဉ် ညွှန်ကြားရေးမှူးဟောင်း ရောဘတ်ဘားနက်က တရုတ်အစိုးရအနေဖြင့် ပြီးခဲ့သည့်နှစ်များအတွင်း တိဘက်၏ သမိုင်းကို ပြောင်းလဲလာကြောင်း ပြောကြားသည်။

၇ ရာစုမှ စတင်၍ တိဘက်သည် ၎င်းတို့၏ နယ်မြေအစိတ်အပိုင်းဖြစ်ကြောင်း တရုတ်၏ပြောကြားချက်နှင့် ပတ်သက်၍ ဘားနက်က “အခုလိုပြောတာကို အလေးထားဖို့ ခက်ခဲပါတယ်။၂၀၁၅ ခုနှစ်ကစပြီး ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရတို့က တိဘက်ဟာ တရုတ်ရဲ့ အစိတ်အပိုင်းတစ်ရပ်၁၃ ရာစုနှစ်မှာ ဖြစ်လာတယ်လို့ ပြောခဲ့တယ်။ အရင်တုန်းကလည်း ၁၇ ရာစုနဲ့ ၁၈ ရာစုမှာ ဖြစ်လာတယ်လို့ ပြောကြတယ်။ ဒီအချိန်ကာလတွေကို ဘာလို့ ပြောင်းပြီးပြောနေတယ်ဆိုတာ တရုတ်အစိုးရက ရှင်းမပြသေးပါဘူး” ဟု ၎င်းက ပြောသည်။

တရုတ်အစိုးရအနေဖြင့် ဒလိုင်းလားမားနှင့် ဆွေးနွေးရန်လည်း ကြိုးစားပုံမရှိကြောင်း သုံးသပ်သူများက သတ်မှတ်ထားသည်။ အသက် ၈၅ နှစ်အရွယ်ရှိပြီဖြစ်သော ဒလိုင်းလားမားသည် ခွဲထွက်ရေးဝါဒီဖြစ်ကာ ၎င်း၏ အရိုက်အရာဆက်ခံသူကို မိမိတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသည်ဟု သတ်မှတ်ထားသည်။

ဒလိုင်းလားမားရဲ့ အခန်းကဏ္ဍ အားလျော့သွားသည်အထိ တရုတ်အစိုးရကဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားဖွယ်ရှိပြီးဖြစ်နိုင်ပါက အဆက်အနွှယ်တို့ကို ခွင့်ပြုဖွယ်မရှိကြောင်းလည်း ဘားနက်က ပြောကြားသည်။

တရုတ်အစိုးရသည် တိဘက်ဒေသကို ၁၉၅၀ ပြည့်နှစ်မှစတင် သိမ်းယူခဲ့ပြီး ထိုအချိန်မှစ၍ ယင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။

မကြာသေးမီနှစ်များမှ စတင်၍ တရုတ်အစိုးရသည် တိဘက်တို့၏ တန်ဖိုးကို ဖျက်ဆီးရန် ဒလိုင်းလားမားအား တိဘက်ဘာသာရေးမှ ပယ်ဖျောက်ရေးကို လုပ်ဆောင်ခဲ့သည်။

အစည်းအဝေးတစ်ခုတွင် မော်စီတုန်းက ၁၄ ဆက်မြောက် ဒလိုင်းလားမားကို ‘ဘာသာရေးသည် အဆိပ်’ ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီ၊ ဗဟုဝါဒနှင့် လူ့အခွင့်အရေးစင်တာ(CDPHR) ၏ ပြီးခဲ့သည့်လက နောက်ဆုံးအစီရင်ခံစာတွင် တိဘက် ပြည်သူများ၏ အခွင့်အရေးအတွက် လုပ်ဆောင်နေသူများနှင့် အဖွဲ့အစည်းများက လွတ်လပ်စွာ ကိုးကွယ်မှု၊ ယုံကြည်ချက်နှင့် အဖွဲ့အစည်း ဖွဲ့စည်းခြင်းတို့ကို ကန့်သတ်ခြင်းအပါအဝင် တိဘက်ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်း ဖော်ပြခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly