ဒလိုင်းလားမား ဆက်ခံသူကို ဆုံးဖြတ်ရန် တရုတ်အစိုးရအနေဖြင့် ဗုဒ္ဓဘာသာကို လေ့လာရမည်ဟု တိဘက်ပြည်ပရောက်အစိုးရ၏ သမ္မတအဖြစ် ရွေးချယ်ခံရသူက ပြောကြား

By Lately.com
27 May 2021
ဒလိုင်းလားမား ဆက်ခံသူကို ဆုံးဖြတ်ရန် တရုတ်အစိုးရအနေဖြင့် ဗုဒ္ဓဘာသာကို လေ့လာရမည်ဟု တိဘက်ပြည်ပရောက်အစိုးရ၏ သမ္မတအဖြစ် ရွေးချယ်ခံရသူက ပြောကြား

ပြည်ပရောက် တိဘက်အစိုးရ၏ အသစ်ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတ ပီပါဆာရင်းက တရုတ်-တိဘက်ပြဿနာကို ဖြေရှင်းရန်အတွက် ၎င်း၏ အစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆေးနွေးမှုများ ပြန်လည်စတင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သော်လည်း ဒလိုင်းလားမားကို ဆက်ခံမည့်သူကို ဆုံးဖြတ်လိုပါက တရုတ်ခေါင်းဆောင်များအနေဖြင့် ဗုဒ္ဓဘာသာကို လေ့လာရမည်ဟု သတိပေးခဲ့သည်။

၎င်းသည် ပြည်ပရောက် တိဘက်ပါလီမန်လွှတ်တော်၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး တိဘက်ဗဟိုအစိုးရ(CTA) ဟု ခေါ်သော တိဘက်အစိုးရ၏ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။

သူ၏ ရွေးကောက်ပွဲအောင်ပွဲရ နှုတ်ခွန်းဆက်စကားတွင် ပြည်ပရောက် လူ့အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုရှိရန် ဆာရင်းက တောင်းဆိုခဲ့ပြီး တိဘက်ဗဟိုအစိုးရ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံတို့အကြားညှိနှိုင်းမှုပြန်လည်စတင်ရန် လုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့သည်။

တရုတ်အစိုးရက ၁၉၅၀ ပြည့်နှစ်တွင် တိဘက်ကိုသိမ်းပိုက်ခဲ့ပြီး ဒေသကိုထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည်။

ယခုအခါ အသက် ၈၅ နှစ်ရှိပြီးဖြစ်သည့် ဒလိုင်းလားမားက အသက် ၉၀ ပြည့်သည့်အခါ သူအနေဖြင့် လက်ရှိနေရာကို ပြန်လည်ဆက်ခံရန် သင့်မသင့် ဆုံးဖြတ်မည်ဟု အစောပိုင်းကကြေညာခဲ့သည်။

တရုတ်နိုင်ငံမှ တိဘက်ကိုခွဲထုတ်ရန်ကြိုးပမ်းနေသည့် ဂိုဏ်းခေါင်းဆောင်အဖြစ် တရုတ်မှ သတ်မှတ်ထားသော ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်တွင် အိန္ဒိယသို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၁၀ ယောက် မြောက် ပန်ချန်လားမား ဂက်ဟန်ချိုကြည်နီမာသည် တိဘက်၌ ကျန်နေခဲ့သည်။

မကြာသေးမီနှစ်များအတွင်းက တိဘက်များ၏ အမျိုးသားရေးလက္ခဏာကို ပယ်ဖျက်ရန်အတွက် ဒလိုင်းလားမားကို ယင်းတို့၏ ဘာသာရေးဘဝမှ ဖယ်ရှားရန် တရုတ်အစိုးရက အပြင်းအထန်ကြိုးစားခဲ့သည်။

အစည်းအဝေးတစ်ခုတွင် မော်စီတုန်းက ၁၄ ခုမြောက်ဒလိုင်းလားမားကို “ ဘာသာတရားသည် အဆိပ်ဖြစ်သည်” ဟု ပြောကြားခဲ့ဖူးသည်။

သူ၏ အောင်ပွဲမိန့်ခွန်းတွင် ဆာရင်းက တရုတ် - တိဘက်ပြဿနာကို ဖြေရှင်းခြင်း အပါအဝင် ကိစ္စရပ်အားလုံးအတွက် မဲဆန္ဒရှင်များ၏ မျှော်လင့်ချက်များကိုဖြည့်ဆည်းပေးမည်ဟု ပြောကြားခဲ့သည်။

ဒလိုင်းလားမား ဆက်ခံခြင်းနှင့် ပတ်သက်၍ တရုတ်၏ ပြောကြားချက်ကို မှတ်ချက်ပေးရာတွင် သူက ဒလိုင်းလားမားကို မည်သူဆက်ခံသင့်သည်ကို ဆုံးဖြတ်ရန်အတွက် တရုတ်ခေါင်းဆောင်များအနေဖြင့် ဗုဒ္ဓဘာသာကိုလေ့လာရန်လိုအပ်ကြောင်း ပြောကြားခဲ့သည့်အပြင် ဘာသာရေးကိစ္စသက်သက်ဖြစ်ခြင်းကြောင့် ဒလိုင်းလားမား၏ ဆုံးဖြတ်ချက်နှင့် တိဘက်လူမျိုးများအား လေးစားသင့်ကြောင်းလည်း ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required