ဆီးရီးယားရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အာဆတ် ထပ်မံအနိုင်ရဟု ကြေညာ

ဆီးရီးယားရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အာဆတ် ထပ်မံအနိုင်ရဟု ကြေညာ
Photo - AFP

မေ ၂၈

စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံမှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘာရှာ အယ်လ် အာဆတ်ကပဲ စတုတ္ထသက်တမ်းတစ်ခုအတွက် ပြန်လည်ရွေးချယ်ခံရကြောင်း မေလ ၂၇ ရက်မှာ ထွက်ရှိလာတဲ့ ရလဒ်တွေက ပြသနေပါတယ်။

ဒါပေမယ့်လည်း ဒီရွေးကောက်ပွဲဟာ လွတ်လပ်မှုလည်း မရှိသလို မျှတမှုလည်း မရှိဘူးဆိုပြီး အနောက်အုပ်စုဘက်က စွပ်စွဲထားပါတယ်။

အာဆတ်ရဲ့ အာဏာချုပ်ကိုင်မှုကို တိုးချဲ့စေခဲ့တဲ့  ဒီအငြင်းပွားဖွယ် ရွေးကောက်ပွဲကတော့ နိုင်ငံရဲ့ ဆယ်စုနှစ်ချီကြာ ပြည်တွင်းစစ်ပဋိပက္ခ စဖြစ်ပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃၈၈,၀၀၀ ကျော် သေဆုံးခဲ့ရပြီး သန်းချီ နေရပ်စွန့်ခွာခဲ့ကြရကာ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။

ယခုတစ်ကြိမ် ရွေးကောက်ပွဲမှာ အာဆတ်ဟာ မဲအားလုံးရဲ့ ၉၅ ဒသမ ၁ ရာခိုင်နှုန်းအထိ ရရှိပြီး ၎င်းရဲ့ မထင်မရှား ပြိုင်ဘက်နှစ်ဦးအပေါ် အပြတ်အသတ်အနိုင်ရခဲ့ကြောင်း ပါလီမန်ဥက္ကဋ္ဌက မေလ ၂၇ ရက်မှာ ကြေညာပါတယ်။

ရွေးကောက်ပွဲ အကြိုရက်မှာတင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့က ဒီဆီးရီးယား ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ရှိမှာမဟုတ်ဘူးလို့ ပြောခဲ့ကြသလို ဆီးရီးယားအတိုက်အခံတွေကလည်း ဒီရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။

အလားတူ ဒီရွေးကောက်ပွဲမှာ အသက် ၅၅ နှစ်ရှိ အာဆတ်ပဲ အနိုင်ရလိမ့်မယ်ဆိုပြီး အများစုက ယုံကြည်တွက်ဆထားခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly