ကျောင်းတွေပြန်အဖွင့်ပြနိုင်ဖို့ ဖိအားပေးနေတဲ့ စစ်ကောင်စီ

ကျောင်းတွေပြန်အဖွင့်ပြနိုင်ဖို့ ဖိအားပေးနေတဲ့ စစ်ကောင်စီ

မေ ၂၈

တက္ကသိုလ်၊ကောလိပ်တွေ ပြန်လည်ဖွင့်ဖို့ကြိုးစားတာမှာ အပြည့်အဝမအောင်မြင်ခဲ့တဲ့ စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေကိုလည်း ဇွန်လ (၁)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ အလုပ်လုပ်ကိုင်လိုခြင်းမရှိတဲ့ CDM ပညာရေးဝန်ထမ်းတွေ အများအပြားရှိနေချိန်မှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့အတွက် နေ့စားလပေးဝန်ထမ်းအသစ်တွေကိုပါ ထပ်မံခေါ်ယူနေပါတယ်။

သင်ကြားရေးပညာရပ်ကို တတ်ကျွမ်းနားလည်မှုမရှိသေးတဲ့ ဆရာ၊ဆရာမအသစ်တွေနဲ့ ကျောင်းတွေကို ပြန်အဖွင့်ပြဖို့ စစ်ကျွန်ပညာရေးကို အသက်သွင်းဖို့ စစ်ကောင်စီကကြိုးပမ်းနေပြီး ပျောက်ကင်းသွားခြင်းမရှိသေးတဲ့ ကမ္ဘာ့ရောဂါကပ်ဆိုးဖြစ်တဲ့ Covid-19 အတွက်လဲ သေချာစွာ ဘာမှ မပြင်ဆင်နိုင်ဘဲ ကျောင်းပြန်ဖွင့်ဖို့သာ ဦးတည်ပြီး လုပ်ဆောင်နေခဲ့တာပါ။

“စစ်ကျွန်ပညာရေးဆိုတာကို ခဏဖယ်ထားပြီး မိဘတစ်ယောက်ရဲ့ အရှိအတိုင်းပြောရရင် ဒီနှစ်လည်း လုံးဝကျောင်းမထားပါဘူး၊ မနှစ်က ကိုဗစ်ကြောင့် ကလေးနာရတယ်။ ဒီနှစ်မှာလည်း အာဏာရူးတွေကြောင့် နာရမယ်ဆို အပြင်ကနေ စာတွေပဲရအောင်သင်ပေးမယ်၊ ကျောင်းထားတယ်ဆိုတာ ပညာတတ်ဖို့ထား အောင်လက်မှတ်ရဖို့ထားတာမဟုတ်ဘူး၊ အခုက တကယ်စာသင်တတ်တဲ့ ဆရာမတွေ နည်းနေချိန်မှာ အသစ်တွေနဲ့ အသင်ပြဖို့လုပ်တာကို မထားနိုင်ဘူး၊ ကိုဗစ်ကာကွယ်ရေးနဲ့ပက်သက်ပြီးတော့လဲ ဘာမှမလုပ်တဲ့ဟာတွေဆီမှာ မထားနိုင်ဘူး၊ ဗုံးပေါက်ကွဲတာ ပစ်ခတ်နေတာလဲဖြစ်နေချိန် ကိုယ့်ကလေးအတွက် အနာဂတ်လဲမရှိ အမြဲစိတ်ပူနေရမဲ့နေရာမှာ မထားနိုင်ဘူး”လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

နိုင်ငံတည်ငြိမ်အေးချမ်းပြီး စာသင်ကျောင်းတွေတောင် ပြန်ဖွင့်နေပြီလို့ အကြောင်းပြချင်တဲ့ စစ်ကောင်စီဟာ သူတို့လက်အောက်မှာ ဆက်အမှုထမ်းနေတဲ့ ဝန်ထမ်းသားသမီးတွေကိုလဲ ဖိအားပေး ကျောင်းအပ်နှံနေစေပါတယ်။ ကျောင်းနေအရွယ် သားသမီးရှိတဲ့ ဝန်ထမ်းတွေရဲ့ စာရင်းကိုကောက်ယူပြီးတော့ မိမိတို့သားသမီးတွေ ကျောင်းအပ်နှံပြီးကြောင်း သက်သေခံစာရွက်တွေ ဌာနကို ပြန်လည်တင်ပြဖို့ ညွှန်ကြားချက်တွေပါ ထုတ်ပြန်ပြီး လုပ်ဆောင်နေတာပါ။

“အရင်တုန်းကလည်း ကျောင်းဖွင့်ချိန်ဆို ဝန်ထမ်းသားသမီး ကလေးတွေအတွက် ထောက်ပံ့တာတို့ကို ပွဲတွေဘာလုပ်ပြီးပေးတယ်လေ၊ အခုကျ အဲ့လိုမဟုတ်ဘူး။ ကျောင်းနေအရွယ်ကလေးတွေ ဘယ်သူ့မှာရှိလဲ၊ အရင်စာရင်းတောင်းတယ်။ ကျောင်းအပ်ပြီးကြောင်း စာရွက်တွေ အမြန်ဆုံးပြန်တင်ပြခိုင်းတယ်၊ မအပ်လို့မရဘူး။ ကျောင်းအပ်ထားတာကို အမြန်ဆုံးပြန်တင်ပြလို့ ခိုင်းတာ”လို့ ဦးပိုင်ကုမ္ပဏီလက်အောက်ခံ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ပြည်သူတွေနဲ့ ဝန်ထမ်းသားသမီးတွေကိုသာ ကျောင်းအပ်နှံဖို့ အတင်းတိုက်တွန်းနေတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်တပ်က စစ်သားတွေနဲ့ အရာရှိတွေရဲ့ သားသမီးတွေကိုတော့ ကျောင်းတွေရွေးချယ်ပြီးမှ အပ်နှံစေဖို့ လုပ်ဆောင်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
ပြင်ပ ပုဂ္ဂလိကကျောင်းတွေမှာ တက်ရောက်နေတဲ့ စစ်သား သားသမီးတွေအားလုံးကို ဆက်လက်တက်ရောက်စေခြင်းမပြုဘဲ သူတို့သတ်မှတ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာသာ ကျောင်းအပ်နှံစေနေပါတယ်။ ဒါဟာ သူတို့သားသမီးတွေ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့်လို့ ဆိုပါတယ်။

“အစ်ကိုတို့ကျောင်းမှာတော့ အရင်ထဲက တပ်ဖက်ကလေးတွေမရှိဘူး၊ ပုဂ္ဂလိကျောင်းတွေမှာ မထားခိုင်းဘူးဆိုတာ အစ်ကိုသဘောပေါက်သလောက်က တပ်က ကလေးတွေက သူတို့ကို မနက်တိုင်း တပ်က အကြိုအပို့ကားရှိတယ်လေ။ အရင်ကတော့ ငွေတတ်နိုင်တဲ့သူက ပုဂ္ဂလိကျောင်းထားတာကို သူတို့မတားဘူး။ အခုတားတယ်ဆိုတာက သူတို့ကလေးတွေအတွက်ကျ လုံခြုံရေးရော အကြိုအပို့ကားတွေရော သီးသန့်စီစဉ်မလို လုပ်တာလို့တော့ထင်တယ်။ အစ်ကို့ကျောင်းကိုလဲ ပြန်ဖွင့်ဖို့ ခေါ်ညှိပါတယ်။ ကျောင်းအပ်တဲ့ကလေးနည်းနေရင် မကိုက်လို့ မဖွင့်ဘူးပြောတော့ လိုင်စင်ကို ခြိမ်းခြောက်တယ် မီးစင်ကကြည့်ကရမှာပေါ့”လို့ ကိုယ်ပိုင်ကျောင်းပူးတွဲတည်ထောင်ထားတဲ့ ဆရာတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျူရှင်တွေနဲ့ ဘော်ဒါဆောင်တွေကိုလည်း ပြန်လည်ဖွင့်လှစ်ဖို့ မြို့နယ်အလိုက် စစ်ကောင်စီက လိုက်လံနှိုးဆော်နေတယ်လို့ ကျူရှင်ဆရာအသိုင်းအဝန်းကပြောပါတယ်။ ကျူရှင်ဆရာ အများစုကတော့ ကိုဗစ်ကာလမှာ ကျူရှင်တွေပိတ်ထားရပြီး ဝင်ငွေမရရှိတာကြာမြင့်နေတာကြောင့် လာရောက်တတ်တဲ့ ကလေးတွေရှိရင် ပြန်လည်ဖွင့်ဖို့ ပြင်ဆင်နေကြပါတယ်။

“ပညာရေးက ခေါ်ပြောတယ်။ ကျူရှင်တွေ ဖွင့်ဖို့အတွက် လိုင်စင်ပေါ့ လာလုပ်ဖို့၊ နှစ်တိုင်းလဲ လုပ်နေကြပါပဲ။ ဒီနှစ်တော့ တစ်ယောက်နဲ့တစ်ယောက် အခြေအနေစောင့်ကြည့်ပြီး သွားမလုပ်ကြသေးတာများတယ်။ စည်ပင်ကလည်းလာတယ်။ ဘော်ဒါဆောင်အတွက် လိုင်စင်ပေါ့။ အတော်များများက ပြန်ဖွင့်ချင်ကြမှာပဲ။ တစ်နှစ်ကျော်ဝင်ငွေမရှိကြတော့ ဖွင့်ချင်နေသူများတယ်။ လိုင်စင်တွေသွားလုပ်ထားတာများတယ်။ ကျောင်းဖွင့်ပြီးတော့မှ လာအပ်တဲ့ကလေးတွေအခြေအနေကိုကြည့်ပြီး လှုပ်ရှားမဲ့သူတွေကများတယ်။ ပုဂ္ဂလိကကျောင်းတွေလည်း အဲ့လိုပါပဲ။ ပြန်ဖွင့်ဖို့ မသိမသာလေးလုပ်နေကြတာ၊ အရင်က ရဲရဲတောက်ပါဆိုတဲ့ ဆရာတွေကအစ ပြန်ဖွင့်ဖို့ အခြေအနေချောင်းနေကြတယ်”လို့ မြို့နယ်တစ်ခုက ကျူရှင်ဆရာအသင်းဥက္ကဌတစ်ဦးကပြောပါတယ်။

စစ်ကျွန်ပညာရေးအလိုမရှိကြတဲ့ ပြည်သူတွေကတော့ စစ်ကောင်စီက မတ်လ ၂၄ရက်ကနေ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်လို့ ကြေညာခဲ့ပေမယ့် လေးရက်မြောက်နေ့ဖြစ်တဲ့ မတ်လ ၂၇ရက်နေ့အထိ လုံးဝကျောင်းအပ်နှံသူ မရှိသေးတဲ့ စာသင်ကျောင်းတွေနဲ့ ကျောင်းအပ်နှံသူ ၃၀ရာခိုင်နှုန်းအောက်သာ ရှိတဲ့ကျောင်းတွေက သက်သေပါပဲ။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စီမံဆောင်ရွက်နေတဲ့ ကြားကာလ ပညာသင်ကြားရေးအစီအစဉ်ကိုလည်း အားလုံးလိုလိုက မျှော်လင့်နေလျှက်ရှိပြီး စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးကို ပူးပေါင်းပါဝင်လိုခြင်းမရှိခဲ့ပါဘူး။
CDMပြုလုပ်လို့ပါဆိုပြီး အဖမ်းဆီးခံရ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆရာ၊ဆရာမတွ အများအပြားရှိနေချိန်၊ နိုင်ငံအနှံ အပြစ်မဲ့ပြည်သူအပေါင်းများစွာ သတ်ဖြတ်ခံနေရချိန်မှာ စစ်ကျွန်ပညာရေးအသက်သွင်းဖို့ ကြံစည်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်အောင်မြင်ခြင်းရှိမရှိဟာ ဇွန်လလဆန်းပိုင်းမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly