အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၉ ဦး သေဆုံးကာ ထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၉ ဦး သေဆုံးကာ ထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်
Photo - AFP

မေ ၂၇

ကိုဗစ်-၁၉ ဒဏ်ခံနေရတဲ့ အိန္ဒိယနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အားပြင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ကလေးငယ်လေးဦးအပါအ၀င် လူကိုးဦး သေဆုံးကာ လူထောင်ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။

အိန္ဒိယ မြောက်ဘက် သမုဒ္ဒရာမှာ ဆိုင်ကလုန်းတွေဟာ ပုံမှန် ခြိမ်းခြောက်မှု အန္တရာယ်တစ်ခု ဖြစ်နေပေမယ့်လည်း ရာသီဥတုပြောင်းလဲမှုက ပင်လယ်ရေပြင်အပူချိန်ကို ပူနွေမြင့်တက်စေမှုနဲ့အတူ ဆိုင်ကလုန်းမုန်တိုင်းတွေဟာ အကြိမ်ရေ ပိုစိတ်လာပြီး ပိုပြီးလည်း အားပြင်းလာနေတယ်လို့ သိပ္ပံပညာရှင် အများအပြားက ပြောပါတယ်။

အိန္ဒိယ အနောက်ပိုင်းမှာ လူ ၁၅၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ဆိုင်ကလုန်း တောက်တဲ့ တိုက်ခတ်ပြီး တစ်ပတ်သာသာမှာပဲ ယခု ဆိုင်ကလုန်း ယာ့စ် တိုက်ခတ်မှုကြောင့် အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ အနောက် ဘန်ဂေါနဲ့ သြရိဿပြည်နယ်တို့မှာ လူပေါင်း ၁ ဒသမ ၅ သန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၂၆ ရက်က ၀င်‌ရောက်ခဲ့ရာမှာ မိုးသည်းထန်စွာ ရွာခဲ့သလို လေပြင်းတိုက်ခတ်နှုန်းဟာ တစ်နာရီ ၉၆ မိုင် (၁၅၅ ကီလိုမီတာ) အထိ ရှိခဲ့ရာ ယင်းဟာ အဆင့် ၂ ဟာရီကိန်းတစ်ခုနဲ့ ညီမျှနေပါတယ်။

နှစ်ထပ် ဘတ်စ်ကားတွေ အရွယ်အစားရှိ လှိုင်းလုံးကြီးတွေ ကမ်းခြေတွေဆီ ရိုက်ခတ်ခဲ့ပြီး ကမ်းရိုးတန်းတစ်လျှောက် မြို့ရွာတွေကို လွှမ်းခဲ့ပါတယ်။

အနောက်ဘန်ဂေါပြည်နယ်မှာ လူနှစ်ဦး သေဆုံးသလို သြရိဿပြည်နယ်မှာလည်း နှစ်ဦး သေဆုံးခဲ့ပါတယ်။ အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း လူငါးဦး သေဆုံးခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောခဲ့ပါတယ်။

အနောက်ဘန်ဂေါပြည်နယ်မှာ နေအိမ်ပေါင်း သုံးသိန်းကျော် ပျက်စီးခဲ့ပြီဖြစ်ကြောင်း ပြည်နယ်၀န်ကြီးချုပ် မာမာတာ ဘန်နာဂျီးက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly