မာလီမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ကြားဖြတ်အစိုးရခေါင်းဆောင်တွေကို ရာထူးထုတ်ပယ်ပြီး ဖမ်းဆီးထိန်းသိမ်း

မာလီမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ကြားဖြတ်အစိုးရခေါင်းဆောင်တွေကို ရာထူးထုတ်ပယ်ပြီး ဖမ်းဆီးထိန်းသိမ်း
Photo - AFP

မေ ၂၆

အနောက်အာဖရိကနိုင်ငံ မာလီမှာ ၂၀၂၀ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အရပ်ဘက်အုပ်ချုပ်မှုဆီပြန်သွားမှုကို ထိန်းကျောင်းဖို့ တာ၀န်ယူထားခဲ့တဲ့ ကြားဖြတ်အစိုးရခေါင်းဆောင်တွေကို ယင်းနိုင်ငံရဲ့ အာဏာရှင်ဆန်တဲ့ စစ်ခေါင်းဆောင်ဖြစ်သူက မေလ ၂၅ ရက်မှာ ရာထူးတွေကနေ ဖြုတ်ချလိုက်ပါတယ်။

ခုလိုမျိုး ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲတွေကို ဖယ်ရှားခဲ့မှုအတွက် မာလီအာဏာပိုင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ကြောင်း ပြင်သစ်နိုင်ငံက သတိပေးသွားပါတယ်။

လွန်ခဲ့တဲ့ ၁၀ လလောက်ကမှ အာဏာသိမ်းယူထားခဲ့တဲ့ မာလီအာဏာသိမ်းအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ အစ္စမီ ဂွိုင်တာက ပြောကြားရာမှာ ကြားဖြတ်သမ္မတ ဘာ အန်ဒေါနဲ့ ၀န်ကြီးချုပ် မော့တာ ၀ိန်းတို့ကို လက်ရှိရာထူးတာ၀န်တွေကနေ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့လည်း ၎င်းက ကတိပြုခဲ့ပါတယ်။

အန်ဒေါနဲ့ မော့တာ တို့ဟာ ဒေသတွင်း အရေးယူပိတ်ဆို့မှု ခြိမ်းခြောက်မှုတွေအောက်မှာပဲ မာလီနိုင်ငံရဲ့ ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၈ လ အချိန်အတွင်း အလုံးစုံ အရပ်သားအုပ်ချုပ်ရေးဆီ ပြန်သွားဖို့ ရည်ရွယ်လုပ်ဆောင်မယ်လို့လည်း ၎င်းတို့က ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း ၎င်းတို့နှစ်ဦးဟာ မေလ ၂၄ ရက်မှာ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။

ဂွိုင်လီက ပြည်သူပိုင်ရုပ်သံကနေ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာတော့ အန်ဒေါနဲ့ မော့တာတို့ဟာ အသွင်ကူးပြောင်းရေးကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် တာ၀န်တွေ ပြန်ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ယခုလို ကြားဖြတ်သမ္မတနဲ့ ၀န်ကြီးချုပ်တို့ကို ရာထူးဖယ်ရှားပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တာက ဒုတိယမြောက် အာဏာသိမ်းမှုဖြစ်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောပါတယ်။

အလားတူ မာလီကြားဖြတ်သမ္မတနဲ့ ၀န်ကြီးချုပ်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဂျာမနီနဲ့ ယူကေတို့ကလည်း တောင်းဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ကုလ လုံခြုံရေးကောင်စီမှာလည်း မာလီနိုင်ငံအရေးနဲ့ပတ်သက်လို့ မေလ ၂၆ ရက်မှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူသွားဖို့ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required