ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည့် ဂျပန်၏ အစီအစဉ်နှင့် ပတ်သက်၍ တရုတ် စိုးရိမ်ပူပန်နေ

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည့် ဂျပန်၏ အစီအစဉ်နှင့် ပတ်သက်၍ တရုတ် စိုးရိမ်ပူပန်နေ

တရုတ်ကို တန်ပြန်ရန်အတွက် စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် တိုကျိုက စီစဉ်နေမှုအပေါ် စိုးရိမ်ပူပန်မိကြောင်း ပေကျင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဂျပန်သည် ဒေသတွင်း၌ စစ်ရေးတင်းမာမှုများဖြစ်စေရန် လှုံ့ဆော်နေသည်ဟုလည်း တရုတ်က စွပ်စွဲခဲ့သည်။

တရုတ်၏ တိုးပွားနေခဲ့သည့် လုပ်နိုင်စွမ်းများကို တန်ပြန်ရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် “လုံးလုံးလျားလျား မတူညီသော လုပ်နည်းကိုင်နည်း” တစ်ခုကို လုပ်ဆောင်နိုင်ကြောင်း ဂျပန် ကာကွယ်ရေး၀န်ကြီး နိုဘူအို ကီရှီက မေလ ၁၉ ရက်၌ Nikkei Asia နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ အဆိုပါ မှတ်ချက်စကားသည် နှစ်အလိုက် ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျီဒီပီ၏ ၁ ရာခိုင်နှုန်းအဖြစ် ကာလကြာ ထိန်းချုပ်ထားရှိခဲ့သည့် အမြင့်ဆုံးသတ်မှတ်ချက်ကို ဖြေလျှော့ပြောင်းလဲရန် ဂျပန်၏ အဆင်သင့်ဖြစ်နေမှုကို ညွှန်ပြနေသည်။

ဂျပန်သည် လက်နက်အင်အားပြိုင်ဆိုင်မှုကို ထောက်ခံအားပေးနေကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက မေလ ၂၁ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။ “ဂျပန်ဘက်က ဒီလိုမျိုး တာ၀န်မဲ့တဲ့ မှတ်ချက်စကားမျိုးတွေ ပြောတာက လက်နက်အင်အားပြိုင်ပွဲတစ်ခုကို ထောက်ခံအားပေးသလိုဖြစ်နေပါတယ်၊ ပြီးတော့ ဒေသတွင်း တင်းမာမှုတွေကို ပုံကြီးချဲ့သလို၊ စစ်ရေး ထိပ်တိုက်တွေ့မှုတစ်ခုဖြစ်ဖို့ လှုံ့‌ဆော်သလို၊ ယုတ်စွအဆုံး ထိုင်၀မ်ကိစ္စနဲ့ တရုတ်ရဲ့ ပြည်တွင်းရေးမှာ စွက်ဖက်ဖို့ ကြိုးပမ်းသလိုမျိုး ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

ထို့ပြင် ဂျပန်အနေဖြင့် ဆန်မရှိဘဲ အစားကြီးသလိုမျိုး မဖြစ်သင့်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက အိမ်နီးချင်းနိုင်ငံကို သတိပေးသွားခဲ့သည်။

“နိုင်ငံ အချုပ်အချာအာဏာ၊ လုံခြုံရေးနဲ့ စည်းလုံးညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ တရုတ်အစိုးရနဲ့ စစ်တပ်ရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ စိတ်ဆန္ဒတို့ဟာ ကျောက်တုံးကျောက်သားသမျှ ခိုင်မာတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ ဂျပန်ဘက်ခြမ်းကို နောက်တစ်ကြိမ် ထပ်ပြီး သတိပေးချင်ပါတယ်၊ ဂျပန်အနေနဲ့ ဆန်မရှိဘဲ အစားကြီးသလိုမျိုးဆိုသလိုတော့ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

ထိုင်၀မ် ရေလက်ကြား၌ ငြိမ်းချမ်းမှုရှိရေး အရေးကြီးကြောင်းကို အလေးပေးပြောခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်၀န်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်တစ်စောင် ထွက်ရှိထားခဲ့ပြီးနောက် ယခု တုံ့ပြန်မှု ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ၁၉၆၉ ခုနှစ်နောက်ပိုင်း ပူးတွဲကြေညာချက်တစ်စောင်တွင် ကိုယ်ပိုင်အုပ်ချုပ်နေသော ကျွန်းကို ပထမဆုံးအကြိမ် ဖော်ပြခြင်းဖြစ်ကြောင်း South China Morning Post (SCMP) က ဖော်ပြသည်။

ကီရှီ၏ မှတ်ချက်စကားသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး တွန်းအားပေးရန်အတွက် “အစမ်းသဘော ထုတ်ပြန်မှု” တစ်ခု ဖြစ်နိုင်ကြောင်းနှင့် စစ်အသုံးစရိတ်ပိုင်းကို ၄ ရာခိုင်နှုန်း သို့မဟုတ် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခြင်းက မကြာမီအချိန်အတောအတွင်း ဖြစ်နိုင်ဖွယ် မရှိကြောင်း ပေကျင်းရှိ Tsinghua တက္ကသိုလ်မှ ဂျပန်နိုင်ငံရေးရာ ကျွမ်းကျင်သူ လျို ကျန်းယုံက ပြောသည်။

“ဒါပေမယ့် သတိပြုရမယ့် အချက်က အဲဒီလိုမျိုး တိုးမြှင့်မယ့် ကာကွယ်ရေးအသုံးစရိတ်က ဂျပန်နိုင်ငံအတွက် ကာကွယ်ရုံအတွက်တင်မကဘဲ အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးမဟာဗျူဟာမှာလည်း တိုးမြှင့်ပါ၀င်ရင်းနှီးမြှုပ်နှံမယ့် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ အဲဒီအတွက်ကြောင့် ဂျပန်စစ်တပ်အနေနဲ့ တိုက်ခိုက်မှုတွေ ရှိမလာခဲ့ရင်တောင်မှ ကာကွယ်ရေးဆိုင်ရာ ဖြည့်သွင်းမှု တိုးမြှင့်ထားတဲ့ အမေရိကန်နဲ့ ပူးပေါင်းပြီး ပြည်ပတိုက်ပွဲတွေမှာ ပါ၀င်နိုင်ပါတယ်” ဟု လျိုက ပြောခဲ့ကြောင်း SCMP က ကိုးကားဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required