ဟောင်ကောင်မှာ မသုံးရသေးတဲ့ ကိုဗစ်ကာကွယ်ဆေးပုလင်း သန်းနဲ့ချီကို မကြာမီ စွန့်ပစ်ရနိုင်ဟု ဆို

ဟောင်ကောင်မှာ မသုံးရသေးတဲ့ ကိုဗစ်ကာကွယ်ဆေးပုလင်း သန်းနဲ့ချီကို မကြာမီ စွန့်ပစ်ရနိုင်ဟု ဆို
Photo - AFP

မေ ၂၅

ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပုလင်းပေါင်း သန်းနဲ့ချီကို မကြာမီ စွန့်ပစ်ရနိုင်ဖွယ် ရှိနေတယ်လို့ တာ၀န်ရှိသူတစ်ဦးက မေလ ၂၅ ရက်မှာ သတိပေးပြောဆိုခဲ့ပါတယ်။

အဆိုပါ ကာကွယ်ဆေးပုလင်းတွေဟာ သက်တမ်းကုန်ဆုံးရက် နီးကပ်လာနေပြီဖြစ်သလို အဲဒီဆေးတွေကို သက်တမ်းမကုန်ခင် အကုန်အသုံးပြုဖို့အတွက်ကျတော့လည်း ကာကွယ်ဆေးထိုးနှံမှုခံယူဖို့အတွက် စာရင်းပေးထားတဲ့ လူဦးရေ အလုံအလောက် မရှိသေးဘူးဖြစ်နေကြောင်း ၎င်းက ပြောသွားခဲ့ပါတယ်။

ဟောင်ကောင်ကတော့ ယင်းရဲ့လူဦးရေ ၇ ဒသမ ၅ သန်းစလုံးကို ကာကွယ်ဆေးထိုးပေးဖို့ လုံလောက်တဲ့ ဆေးပုလင်းပမာဏထက် ကျော်လွန် ရရှိထားခဲ့တဲ့ ကမ္ဘာပေါ်က ကံကောင်းတဲ့ နေရာအနည်းငယ်ထဲမှာ တစ်နေရာအဖြစ် ပါ၀င်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း သဘောကွဲလွဲတဲ့ အတိုက်အခံတွေကို နှိမ်နင်းနေတဲ့ ဟောင်ကောင်အစိုးရအပေါ် မယုံကြည်မှုတွေ ဖြစ်ပေါ်နေတာနဲ့အတူ အွန်လိုင်း‌ပေါ် သတင်းမှားဖြန့်မှု၊ အခြားနိုင်ငံတွေနဲ့ ယှဥ်ရင် ဗိုင်းရပ်စ် ကင်းစင်ခဲ့တဲ့ မြို့မှာ အလျင်လိုမှုတွေ မရှိမှု စတဲ့အခြေအနေတွေကြောင့် ကာကွယ်ဆေးနဲ့ပတ်သက်လို့ ချီတုံချတုံဖြစ်နေတာတွေ၊ ကာကွယ်‌ဆေးထိုးမှု ကမ်ပိန်းပိုင်းမှာ အားရစရာ မကောင်းတာတွေကို ဖြစ်စေခဲ့ပါတယ်။

မေလ ၂၅ ရက်မှာတော့ ဟောင်ကောင်အစိုးရရဲ့ ကာကွယ်ဆေးဆိုင်ရာ အထူးအဖွဲ့က အဖွဲ့၀င်တစ်ဦးက ပြောကြားရာမှာတော့ ဟောင်ကောင်သားတွေအနေနဲ့ ပထမအသုတ် ဖိုက်ဇာ-ဘိုင်ရွန်တက် ကာကွယ်ဆေးတွေ သက်တမ်းမကုန်ခင် အချိန်သုံးလ အခွင့်အရေးတစ်ခုသာ ရှိနေတယ်ဆိုပြီး သတိပေးသွားခဲ့ပါတယ်။

“ကာကွယ်ဆေးတွေအားလုံးမှာ သက်တမ်းကုန်ဆုံးရက်ဆိုတာ ရှိပါတယ်” လို့ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုစင်တာရဲ့ ထိန်းသိမ်းကြီးကြပ်သူဟောင်းတစ်ဦးဖြစ်တဲ့ သောမတ်စ် ဆန်းက RTHK ရေဒီယိုကို ပြောခဲ့ပါတယ်။

“ဒါတွေကို သက်တမ်းကုန်ရက်နောက်ပိုင်းကျရင် သုံးလို့ မရတော့ပါဘူး၊ ဒီတော့ လက်ရှိ အစီအစဥ်တွေအရဆိုရင် ဘိုင်ရွန်တက်အတွက် လူထု ကာကွယ်ဆေးထိုးမှု စင်တာတွေအနေနဲ့ စက်တင်ဘာလနောက်ပိုင်းကျရင် လုပ်ငန်းတွေ ရပ်စဲရပါလိမ့်မယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly