တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု စံချိန်တင် မြင့်တက်

By Sify.com
24 May 2021
တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု စံချိန်တင် မြင့်တက်

ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် လုံးပမ်းနေရသော်လည်း တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်၊ ပထမ ၃ လအတွင်း ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ကာ စံချိန်တင်အမှတ်သို့ ရောက်ရှိသွားကြောင်း စွမ်းအင်နှင့် သန့်ရှင်းသော လေသုတေသနဌာန (CREA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ‘ရုပ်ကြွင်းလောင်စာများနှင့် ဘိလပ်မြေထုတ်လုပ်မှုမှ တရုတ်နိုင်ငံတွင် ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည် ၂၀၂၁ ခုနှစ်၊ ပထမ ၃ လအတွင်း ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

CREA မှ လေ့လာရေးအဖွဲ့ခေါင်းဆောင် လော်ရီမီလီဗာတာက ယခုကဲ့သို့ တိုးတက်မှုနှုန်းသည် ၁၀ စုနှစ်တစ်ခုကျော် ကာလအတွင်း အမြန်ဆုံး မြင့်တက်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။ ယခု ထုတ်လွှတ်သည့် ပမာဏသည် ကိုဗစ်ကပ်ရောဂါမဖြစ်မီ ၂၀၁၉ ခုနှစ်၊ ပထမ ၃ လထက် ၉ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။

ယခုအခါ တရုတ်နိုင်ငံ၏ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုသည် ၂၀၂၁ ခုနှစ်၊ မတ်လကုန်တွင် မက်ထရစ် တန်ချိန် ၁၂ ဘီလျံနီးပါး ရှိခဲ့သည်။

“ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု မြင့်တက်လာခြင်းဟာာ ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ထားတာတွေကို ဖယ်ရှားလိုက်ပြီလို့ ပြသနေတာပါ။ ဆောက်လုပ်ရေး၊ သံမဏိနဲ့ ဘိလပ်မြေထုတ်လုပ်ရေးတွေလည်း ပြန်လည်စတင်ပြီး ကိုဗစ်အလွန်ကာလ စီးပွားရေး ပြန်လည်ကောင်းမွန်လာတာကို ဖော်ပြတာလည်း ဖြစ်ပါတယ်” ဟု မီလီဗာတာ၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြသည်။

ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု စောင့်ကြည့်သည့်အဖွဲ့ကလည်း တရုတ်နိုင်ငံ၏ ယခုနှစ် ပထမ ၃ လအတွင်း ကာဗွန်ထုတ်လွှတ်မှုသည် ၂၁ ရာခိုင်နှုန်းတိုးတက်လာကာ ကာဗွန်ထုတ်လွှတ်မှုအများဆုံး ကမ္ဘာ့နိုင်ငံများတွင် ပါဝင်နေကြောင်း ဖော်ပြထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၎င်းတို့နိုင်ငံအဖြင့် ၂၀၆၀ ပြည့်နှစ်မတိုင်မီကာဗွန်ထုတ်လွှတ်မှုကို ရပ်ဆိုင်းမည်ဟု ယမန်နှစ်က ပြောကြားခဲ့သည်။ အဆိုပါကာလသည် ကာဗွန်ထုတ်လွှတ်မှု အများဆုံးနိုင်ငံများက ရည်မှန်းထားသည့် အချိန်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး ပြန်လည်ကောင်းမွန်လာရေးအတွက် ရုပ်ကြွင်းလောင်စာများအပေါ်တွင် အခြေခံသည့် စီမံကိန်းများအပေါ် မှီခိုနေပါက ရာသီဥတုအပေါ် သက်ရောက်စေမည့် အကြောင်းအရာများကို လျှော့ချရန်နှင့် ပိုမို စိမ်းလန်းသော နိုင်ငံ ဖြစ်လာစေရန် ခက်ခဲမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ကျောက်မီးသွေးအသုံးပြုခြင်း ပိုမိုများပြားလာပြီး ပထမ၃ လတွင် ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းရှိကာ ကျန်ပမာဏသည် လောင်စာနှင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက် များပြားလာခြင်းကြောင့် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required