သြစတြေးလျအိမ်ခြံမြေဈေးကွက်၌ တရုတ် ရင်းနှီးမြှုပ်နှံမှုကျဆင်း

သြစတြေးလျအိမ်ခြံမြေဈေးကွက်၌ တရုတ် ရင်းနှီးမြှုပ်နှံမှုကျဆင်း

သြစတြေးလျနှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်လာပြီး တရုတ်၏ သြစတြေးလျအိမ်ခြံမြေဈေးကွက်တွင် စိတ်ဝင်စားမှုလျော့နည်းလာ ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ရင်းနှီးမြှုပ်နှံမှု ၂၉ ရာခိုင်နှုန်းကျဆင်းသွားခဲ့သသည်ဟု Real Capital Analytics (RCA) မှ အချက်အလက် များတွင် ဖော်ပြထားသည်။

သြစတြေးလျ၏ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် အိမ်ခြံမြေလုပ်ငန်းများတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ ၉၃၅ ဒသမ ၅ သန်းအထိရှိခဲ့ပြီး ၂၀၂၀ပြည့်နှစ်တွင် ကန်ဒေါ်လာ ၆၆၄ သန်းအထိ

ကျဆင်းသွားသည်ဟု South China Morning Post မှ RCA ၏ အချက်အလက်များကို ကိုးကားပြီး ပြောကြားခဲ့သည်။

RCA ၏အဆိုအရ ၂၀၂၁ခုနှစ်၏ ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၇ သန်းသာ ကျဆင်းခဲ့သည်ဟု ဆိုသည်။

ယင်းအချက်အလက်များသည် ရုံးခန်းများ၊ စက်မှုနှင့် လက်လီအဆောက်အဦများ၊ ဟိုတယ်များ၊ အငှားတိုက် ခန်းများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နေရာများဖြစ်သော စီးပွားရေးနှင့် လူနေအိမ်စီမံကိန်းများအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိသည့် အိမ်ခြံမြေများနှင့် ပတ်သက်သည့် အချက်အလက်များကို ခြေရာခံထားခြင်းဖြစ်သည်။

“သြစတြေးလျနှင့် တရုတ်အကြား နိုင်ငံတကာဆက်ဆံရေးတင်းမာမှုကြောင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို အကျိုးသက်ရောက်စေလိမ့်မည်ဖြစ်ပြီး ယင်းတွင် အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများအပါအဝင်ဖြစ်ကာ ယင်းကဏ္ဍတွင် တရုတ်သည် အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်” ဟု စင်ကာပူအမျိုးသားတက္ကသိုလ်မှ အိမ်ခြံမြေနှင့် မြို့ပြလေ့လာရေးဌာနမှ ညွှန်ကြားရေးမှုး ဆင်းတန်ဖူး က ပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် သြစတြေးလျရှိ တိုက်ခန်းအသစ်တည်ဆောက်မှုများ၏ ၁၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ယခုနှစ်တွင် ၂၂ ရာခိုင်နှုန်းမြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း ၂၀၁၉ခုနှစ် Knight Frank မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

သြစတြေးလျနှင့် တရုတ်တို့ အကြား ပြဿနာပေါင်းများစွာတွင် တင်းမာမှုများမြင့်တက်လာခဲ့ပြီး ယခုအခါတရုတ်နိုင်ငံပိုင်မီဒီယာများက ထိုင်ဝမ်နှင့် ဖြစ်ပေါ်လာနိုင်သည့် စစ်ရေးပဋိပက္ခတွင် သြစတြေးလျ ပါ ဝင်လာပါက ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်သည်အထိ ဖြစ်လာခဲ့သည်။

သြစတြေးလျက တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သော Huawei Technologies အား အနောက်နိုင်ငံများတွင် ပထမဦးဆုံးအနေဖြင့် ယင်း၏ 5G ကွန်ရက်တည်ဆောက်ရန် တားမြစ်သည့် ၂၀၁၈ခုနှစ်မှစ၍ တရုတ်နှင့် ဆက်ဆံရေးဆိုးရွားလာခဲ့သည်။

သြစတြေးလျက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် ပတ်သက်ပြီး တရုတ်အစိုးရ၏ ကိုင်တွယ်ပုံကို ဝေဖန်ပြီးနောက်တွင် ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

သြစတြေးလျထုတ်ကုန်အမယ်မျိုးစုံကို တရုတ်က ပိတ်ဆို့မှုပြုလိုက်ခြင်းကြောင့် တရုတ်နှင့် သြစတြေးကြားတွင် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေသည်မှာ လနှင့်ချီနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly