ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်-၁၉ သတင်းရေးတဲ့ သတင်းထောက် အဖမ်းခံရတာကြောင့် ဆန္ဒပြမှု ဖြစ် 

ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်-၁၉ သတင်းရေးတဲ့ သတင်းထောက် အဖမ်းခံရတာကြောင့် ဆန္ဒပြမှု ဖြစ် 
Photo - AFP

မေ ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို တုံ့ပြန်ပုံနဲ့ ပတ်သက်လို့ ပစ်ပစ်ခါခါ ရေးသားတဲ့ ထိပ်တန်း အမျိုးသမီး သတင်းထောက်တစ်ဦး ဖမ်းဆီးခံရတာအတွက် ရာပေါင်းများစွာသော သတင်းထောက်တွေဩာ ဆန္ဒပြကြပါတယ်။ 

Prothom Alo သတင်းစာရဲ့ ထောက်လှမ်းရေးသတင်းထောက် ရိုဇီနာအစ္စလာမ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးကြောင်း ရဲက ပြောပါတယ်။ 

အဲဒီ ဥပဒေအရ သူ့ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေ ခိုးယူမှုနဲ့ တရားရုံးတစ်ရုံးမှာ အင်္ဂါနေ့က ရုံးတင်စွဲဆိုခဲ့တာ ဖြစ်ပြီး ကြာသပတေးနေ့မှာ တရားရုံး ကြားနာမှု ပြုလုပ်ခဲ့ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း မီဒီယာတွေကို ဖိနှိပ်မှု ပိုပြီး ဆိုးဝါးလာတယ်လို့ အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။ တနင်္လာနေ့က အသက် ၄၂ နှစ်ရှိ ရိုဇီနာကို ဖမ်းဆီးထားရာ ဒါကာရဲစခန်းဆီ ဂျာနယ်လစ်ရာပေါင်းများစွာ စုရုံးသွားရောက်ခဲ့ကြပါတယ်။ 

ရဲစခန်းအဝင်ပေါက်ကို တစ်ချို့က ပိတ်ဆို့ဖို့ ကြိုးစားကြပြီး အင်္ဂါနေ့အထိ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာပါ။ 

ရိုဇီနာဟာ တရားဝင် အဖမ်းမခံရခင် မှတ်တမ်းတွေ ခိုးယူတယ်စွပ်စွဲခံရရင်း ကျန်းမာရေးဝန်ကြီးဌာနမှာ ငါးနာရီကြာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ကြောင်း အေအက်ဖ်ပီက မြင်တွေ့ခွင့်ရခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တိုင်ကြားချက်အရ သိရပါတယ်။ 

ကပ်ဘေးကို အစိုးရရဲ့ တုံ့ပြန်တာနဲ့ ပတ်သက်လို့ သတင်းရေးသားတာကြောင့် ရိုဇီနာကို ဖမ်းဆီးကြတာဖြစ်ကြောင်း သတင်းထောက်သမဂ္ဂ ခေါင်းဆောင်တွေနဲ့ အကျိုးဆောင်အဖွဲ့တွေက ပြောကြပါတယ်။ 

ရိုဇီနာဟာ ဒါကာလေဆိပ်မှာ အရေးပေါ်ကျန်းမာရေးပစ္စည်းတွေ လများစွာ ဘာကြောင့် သောင်တင်နေရသလဲ၊ ဆရာဝန်တွေ စုခေါ်ဖို့အတွက် လာဘ်ပေးလာဘ်ယူတွေ ရှိနေတယ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေမှာလည်း အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်းတွေ သတင်းရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

“သူ့ သတင်းတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်းပြည်သူတွေရဲ့ ကျန်းမာရေးအခွင့်အလမ်းတွေ ကျိန်းသေရရှိစေဖို့ ဝန်ကြီးဌာနရဲ့ အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်း ထောက်ပြထားတာ ဖြစ်တယ်”လို့ ဥပဒေနှင့် ညှိနှိုင်းရေးစင်တာက ပြောရင်း ရိုဇီနာကို ချက်ချင်းပြန်လွှတ်ဖို့လည်း တောင်းဆိုပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၂၀၀၀ ကျော်ရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၈၀၀၀၀၀ ဝန်းကျင်ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ပညာရှင်တွေကတော့ ဒါဟာ အမှန်နှုန်းထားအောက် အလွန်အမင်း နည်းပါးနေတယ်လို့ ပြောထားကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly