တရုတ်ကနေ တောင်ကိုရီးယားကို တင်ပို့တဲ့ ကင်မ်ချီထဲမှာ ပလိပ်ရောဂါကို ဖြစ်စေတဲ့ ဘတ်တီးရီးယား တွေ့ရှိ

တရုတ်ကနေ တောင်ကိုရီးယားကို တင်ပို့တဲ့ ကင်မ်ချီထဲမှာ ပလိပ်ရောဂါကို ဖြစ်စေတဲ့ ဘတ်တီးရီးယား တွေ့ရှိ

မေ ၂၁

တရုတ်ကနေ တင်ပို့တဲ့ ကင်မ်ချီထဲမှာ ပလိပ်ရောဂါကို ဖြစ်စေတဲ့ ဘတ်တီးရီးယား အမျိုးအစားတစ်မျိုးကို တောင်ကိုရီးယား အစားအစာ စည်းကမ်းထိန်းသိမ်းရေးတာ၀န်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အစားအစာ နမူနာ ၂၈၉ ခုအနက် တရုတ်ကနေ တောင်ကိုရီးယားနိုင်ငံထဲ တင်သွင်းတဲ့ ကင်မ်ချီ ထုတ်ကုန် ၁၅ ခုမှာ yersiniosis (ကူးစက်ရောဂါ) အဖြစ် သိကြတဲ့ အစာအဆိပ်သင့်မှု ရှားပါးပုံစံတစ်မျိုးကို ဖြစ်စေတဲ့ Yersinia enterocolitica ကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယား အစားအသောက်နဲ့ ဆေး၀ါးလုံခြုံမှု ၀န်ကြီးဌာနက တာ၀န်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး South China Morning Post (SCMP) က ဖော်ပြပါတယ်။

Yersiniosis ကြောင့် အမေရိကန်မှာ နှစ်စဥ် လူ ၃၅ ဦး သေဆုံးနေတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) က ပြောပါတယ်။ ပလိပ်ရောဂါကို ဖြစ်စေတဲ့ Yersinia pestis ပိုးဟာ တူညီတဲ့ ဘတ်တီးရီးယားမျိုးစုမှ ဖြစ်ပါတယ်။

Yersiniosis ရဲ့ လက္ခဏာတွေဟာ အသက်အရွယ်အလိုက် ကွဲပြားနိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေမှာ ဖျားခြင်းအပြင် အူအတက်ရောင်ခြင်းနဲ့ ရောထွေးနိုင်တဲ့ ၀မ်းဗိုက် နာကျင်ခြင်းနဲ့ သွေး၀မ်းသွားခြင်း စတဲ့ လက္ခဏာတွေ ပါ၀င်လေ့ ရှိပါတယ်။

ရှေ့ကာလမှာ တရုတ်ကုမ္ပဏီတွေ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ နိုင်ငံထဲ တင်သွင်းချိန်မှာ အထူးစစ်ဆေးကြပ်မတ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကိုရီးယား ၀န်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် သွင်းကုန်တင်သွင်းသူတွေကိုလည်း ယခုထုတ်ကုန်တွေကို တရုတ်ဆီ ပြန်ပို့ဖို့ ဒါမှမဟုတ် စွန့်ပစ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ယင်းက ပြောပါတယ်။

တရုတ်ရဲ့ ဆားနယ်ထားတဲ့ ဂေါ်ဖီရွက် ထုတ်ကုန် လေးခုအနက် နှစ်ခုမှာ ဆိုရင် ကိုရီးယားမှာ ခွင့်ပြုမပေးထားတဲ့ တာရှည်ခံဆေးတစ်မျိုးဖြစ်တဲ့ dehydroacetate ကို သုံးထားတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ကင်မ်ချီရဲ့ မူလအစနဲ့ပတ်သက်လို့ ကိုရီးယားနဲ့ တရုတ် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေဟာ ယမန်နှစ်ကုန်ပိုင်းနောက်ပိုင်းကစလို့ “ကင်မ်ချီ တိုက်ပွဲများ” ဆိုတဲ့ ငြင်းခုံမှုတွေမှာ ပါ၀င်ပတ်သက်ထားခဲ့ကြတယ်လို့ SCMP က ဖော်ပြပါတယ်။

ကင်မ်ချီဟာ ကိုရီးယားရဲ့ အမှတ်သင်္ကေတ အစားအစာတစ်ခုအဖြစ် ထင်မြင်ရသော်လည်းပဲ တောင်ကိုရီးယားဟာ ယင်းရဲ့ လိုအပ်ချက်ရဲ့ ၃၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းဖို့အတွက် ပြည်ပကနေ တင်သွင်းတဲ့ ကင်မ်ချီအပေါ် မှီခိုအားထားနေရပါတယ်။ တောင်ကိုရီးယားဟာ ယခုနှစ် ပထမသုံးလအတွင်း တရုတ်ကနေ ကင်မ်ချီ ၆၈,၀၀၀ တန်ခန့် တင်သွင်းထားတယ်လို့လည်း သိရပါတယ်။

တရုတ်မှာ ရှိတဲ့ ဂေါ်ဖီထုတ် စီမံပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ကိုရီးယားမှာ ပြန့်နှံ့ခဲ့ပြီး အစားအသောက် ဘေးကင်းစိတ်ချရမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေခဲ့ပြီးနောက် တောင်ကိုရီးယား တာ၀န်ရှိသူတွေဟာ မတ်လ ၁၂ ရက်နဲ့ မေလ ၇ ရက်အကြားမှာ ပြည်တွင်းကို တင်သွင်းတဲ့ ကင်မ်ချီနဲ့ ဆက်စပ် ပါ၀င်ပစ္စည်းတွေကို ရှောင်တခင် စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ SCMP က ဖော်ပြပါတယ်။

ဗီဒီယိုတစ်ခုထဲမှာတော့ အပေါ်ပိုင်း အ၀တ်မပါတဲ့ အမျိုးသားတစ်ဦးဟာ ဂေါ်ဖီထုပ်တွေနဲ့ ပြည့်နေတဲ့ ရွှံ့နှစ်ရောင် အရည်ကန်တစ်ခုထဲမှာ ၀င်နေတာကို မြင်တွေ့ခဲ့ရပြီး ၎င်းက အဆိုပါ ဂေါ်ဖီထုပ်တွေကို မြေတူးစက်လိုမျိုး စက်တစ်ခုပေါ် ပြောင်းရွှေ့တင်နေတာကို တွေ့ခဲ့ရပါတယ်။ အခြားဗီဒီယိုဖိုင်တစ်ခုထဲမှာလည်း လုပ်ငန်းခွင်သုံးဘွတ်ဖိနပ် စီးထားတဲ့ အမျိုးသားတွေဟာ ကန်ရဲ့ အရှေ့ဘက် ဟင်းသီးဟင်းရွက်တွေအပေါ်မှာ မတ်တပ်ရပ်နေတာကို တွေ့ခဲ့ရပါတယ်။

ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဧပြီလတုန်းက တရုတ်ကနေ ကိုရီးယားကို ကင်မ်ချီ တင်သွင်းမှုဟာ တစ်လပြီးတစ်လ ၃၁ ရာခိုင်နှုန်း ကျဆင်းပြီး ၁၈,၀၀၀ တန် ရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly