ရွေးကောက်ပွဲအနိုင်ရရှိသည့် တိဘက်ပြည်ပရောက် နိုင်ငံရေးခေါင်းဆောင် ပန်ပါဆာရင်ကို အမေရိကန် ချီးမွမ်းဂုဏ်ပြု

ရွေးကောက်ပွဲအနိုင်ရရှိသည့် တိဘက်ပြည်ပရောက် နိုင်ငံရေးခေါင်းဆောင် ပန်ပါဆာရင်ကို အမေရိကန် ချီးမွမ်းဂုဏ်ပြု

တိဘက်၏ အိန္ဒိယအခြေစိုက် အဝေးရောက်အစိုးရဖြစ်သော ဗဟိုတိဘက်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရကြောင်း မေလ ၁၄ ရက်က ကြေညာခံခဲ့ရသည့် တိဘက်အဝေးရောက် နိုင်ငံရေးခေါင်းဆောင် ပန်ပါဆာရင်၏ အောင်မြင်မှုအပေါ် အမေရိကန်က ချီးမွမ်းဂုဏ်ပြုလိုက်သည်။

" ရွေးကောက်ပွဲကနေ တိဘက်ဗဟိုအစိုးရအဖွဲ့၏ အစိုးရအဖွဲ့အကြီးအကဲ Sikyong အဖြစ် ရွေးကောက် တင်မြှောက်ခံရသဖြင့် ပန်ပါဆာရင်အား အမေရိကန်ပြည်ထောင်စုက ချီးမွမ်းဂုဏ်ပြုပါသည်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က မေလ ၁၄ ရက်တွင် ဆာရင်၏ အနိုင်ရရှိမှုကြေညာပြီးနောက် တွစ်တာတွင် ရေးသားခဲ့သည်။

“ တိဘက်ပြည်ပရောက် တိဘက်လူမျိုးများကို ထောက်ခံရန်အတွက် သူအပါအဝင် တိဘက်ဗဟိုအစိုးရအဖွဲ့နှင့် လက်တွဲလုပ်ဆောင်ရန် ကျွန်ုပ်တို့က မျှော်လင့်နေပါသည်” ဟု ပရိုက်က ပြောကြားခဲ့သည်။

လွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် တိဘက်ကို လွန်ခဲ့သောနှစ် ၇၀ က တရုတ်က အင်အားသုံးပြီး ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက်တွင် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနှင့် သူ၏ နောက်လိုက် နောက်ပါထောင်ပေါင်းများစွာသည် အိန္ဒိယနှင့် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။

ယခုအခါ ပြည်ပရောက် တိဘက်ဦးရေမှာ ၁၅၀,ဝဝဝ ခန့်ရှိပြီး နိုင်ငံပေါင်း ၄၀ တွင် နေထိုင်ကြပြီး အဓိကအားဖြင့် အိန္ဒိယ၊ နီပေါ၊ မြောက်အမေရိကနှင့် ဥရောပတွင် နေထိုင်ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂုဏ်ပြုစကား ပြောကြားသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ဆာရင်က RFA သို့ ပြောကြားခဲ့သည်။ “ကပ်ရောဂါထိန်းချုပ်မှုတွေကို စတင်ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် တိဘက်ပြဿနာကို ဖြေရှင်းနိုင်မယ့် အားထုတ်မှုတွေကို အမေရိကန်အစိုးရ၊ အခြားမဟာမိတ်အဖွဲ့တွေနဲ့ ဆက်သွယ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု သူက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်မှ နိုင်ငံခြားရေးဝန်ကြီးကလည်း မကြုံစဖူးလှုပ်ရှားမှုအနေဖြင့် ထိုင်ဝမ်ရှိ တိဘက်ဗဟိုအစိုးရအဖွဲ့ ကိုယ်စားလှယ်ထံသို့ သတင်းစကားပေးပို့ခဲ့ပြီး ပြည်ပရောက်ခေါင်းဆောင်သစ်ထံသို့ ပေးပို့သော စာ၌လည်း သူ၏ရွေးကောက်ပွဲ အနိုင်ရရှိမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့သည်။

မေလ ၁၇ ရက်တွင် RFA ၏ မက်ဒရင်းစကားဖြင့် ထုတ်လွှင့်သော အသံလွှင့်ဌာနသို့ တိုင်ပေရှိ တိဘက် ပြည်ပရောက်အစိုးရ၏ သံရုံးဖြစ်သော ဒလိုင်းလားမား၏ တိဘက်ဘာသာရေးဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်ဖြစ်သူ ကယ်ဆန်ဂျယ်ဆန်ဘာဝါက အမေရိကန်၊ ထိုင်ဝမ်တို့နှင့် တိဘက်ဗဟိုအစိုးရအဖွဲ့တို့ ၏ တိုးတက်လာသောဆက်ဆံရေးကို ကြိုဆိုခဲ့သည်။

"၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စုက ပြည်ပရောက် တိဘက်အစိုးရအဖွဲ့ရဲ့ တရားဝင်မှုကို အသိအမှတ်ပြုထောက်ခံတဲ့ အနေနဲ့ တိဘက်အက်ဥပဒေကို အတည်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်တဲ့ အစိုးရအဖွဲ့အကြီးအကဲကိုလဲ အမေရိကန်မူဝါဒအသစ်ရဲ့ ရလဒ်အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်က တရားဝင်ဖိတ်ကြားနိုင်ပါတယ်" ဟု သူက ပြောသည်။

တိဘက်ဗဟိုအစိုးရအဖွဲ့နှင့် ဒလိုင်းလားမားက အလယ်အလတ်လမ်းစဉ် မူဝါဒကို ချမှတ်ထားပြီး တိဘက်ကို တရုတ်၏ အစိတ်အပိုင်းတစ်ခုအဖြစ်လက်ခံသော်လည်း တရုတ်အုပ်ချုပ်မှုအောက်တွင် နေထိုင်သော တိဘက်များအတွက်မူ ဘာသာစကားအခွင့်အရေးအပါအဝင် ပိုမိုကျယ်ပြန့်သော ယဉ်ကျေးမှုနှင့် ဘာသာရေးလွတ်လပ်ခွင့်ကိုပေးရန် တိုက်တွန်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required