မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် စွန့်လွှတ်မြေ မူလပိုင်ရှင်ပြန်မရ၍ နိုင်ငံတော်သမ္မတထံစာတင်မည်

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် စွန့်လွှတ်မြေ မူလပိုင်ရှင်ပြန်မရ၍ နိုင်ငံတော်သမ္မတထံစာတင်မည်

မန္တလေး၊ဒီဇင်ဘာ၂ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအုပ်စုတွင် ၁၉၉၆ခုနှစ်က ဗဟိုဝန်ထမ်းတက္ကသိုလ်၊ဗဟိုမီးသတ်သင်တန်းကျောင်း၊ ရဲဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းဆောက်ရန် အတွက် လယ်ယာမြေဧက ၃၆၀၀ကျော်သိမ်းယူခဲ့သည့် အထဲမှ ပိုလျှံမြေဧက ၄၀၀ကျော်ကို သြဂုတ် ၁၆ရက်နေ့က ပြန်လည်စွန့်လွတ်ခဲ့သော်လည်း မူလပိုင်ရှင်များ မရသည့်အတွက် နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးဌာန အသီးသီးထံ စာတင်တောင်းဆို သွားမည်ဖြစ်ကြောင်း လယ်သိမ်းခံတောင်သူများက မဇ္ဈိမသို့ ပြောသည်။

ဗဟိုမီးသတ်သင်တန်းကျောင်း နယ်နိမိတ်အတွင်းပါဝင်သော လယ်ယာမြေဧက ၂၉၀ နှင့်ဗဟိုဝန်ထမ်းတက္ကသိုလ် နယ်နိမိတ်အတွင်းပါဝင်သော လယ်ယာမြေဧက ၁၅၅ဒသမ၉ ကို ဒေသခံတောင်သူများ လက်ဝယ်သို့စွန့်လွှတ်သွားမည်ဟု တရားဝင်ပြောကြားခဲ့ခြင်းဖြစ်သောကြောင့် ဒေသခံများက ခုတ်ထွင်ရှင်းလင်းပြီး ခြံများခတ်ကာ ရာသီပေါ်သီးနှံများစတင်စိုက်ပျိုးနေစဉ် နိုဝင်ဘာ ၂၃ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်မှ အဆိုပါခြံများတွင် အလံများဝင် ရောက်စိုက်ခဲ့သည့်အတွက် ဒေသခံများက တားမြစ်ခဲ့ကြောင်း ဇီးပင်ကြီးကျေးရွာ မှ ဦးမျိုးနိုင် ကပြောသည်။

"ကျွန်တော်တို့ကို ဝန်ကြီးချုပ် ကိုယ်တိုင်စွန့်လွှတ်တယ်ပြောလို့ မြေတွေကပြန်ပြီးခုတ်ထွင်းရှင်းလင်းခဲ့ပြီး ခြံခတ်ခဲ့ကြတယ်။တကယ်တော့ အဲလိုပြန်ရတာကလည်း အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူလောက်ပဲရပါတယ်။ ဒါတွေကိုတော့အများကြီးမပြောချင်ဘူး။အားလုံးပြန်ရဖို့လုပ်တာပါပဲ။အခုဖြစ်တာက ဝန်ကြီးချုပ်ကစွန့်လွှတ်ထားတဲ့မြေကိုပြန်ပြီး သူတို့ပိုင်တယ်ဆိုပြီး အလံတွေစိုက်နေတာကြတာတော့ အဓိပ္ပါယ်မရှိဘူး။ ဒါကြောင့်ကျွန်တော်တို့ တားနေတာပါ။ ကျန်တဲ့ပိုနေတဲ့မြေတွေကိုလည်း ပြန်ရအောင်တောင်းသွားမယ်။"ဟု ဦးမျိုးနိုင် က ပြောသည်။

ဇီးပင်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး က "အထောက်အထားပြနိုင်သူတွေကို ပြန်ပေးပါတယ်။စွန့်လွှတ်တဲ့မြေတွေကို ကျွန်တော်တို့ရောင်းထားတာမရှိပါဘူး။"ဟုပြောသည်။

အဆိုပါမြေယာကိစ္စကို လက်ရှိအစိုးရလက်ထက်တွင် ပြန်လည်မရရှိသေးပါက အစိုးရသစ်လက်ထက်တွင်လည်း သိမ်းဆည်းလယ်ယာမြေများရရှိစေရန် ဆက်လက်လုပ်ဆောင်သွား မည်ဟု မူလလယ်ပိုင်ရှင် ဒေါ်ရွှေက ဆိုသည်။

"ဘယ်အစိုးရတက်တက်ပါ။ ဒီမြေယာကိစ္စမဖြေရှင်းနိုင်သေးသ၍ တောင်သူဘဝကတိုးတက်မှာမဟုတ်ဘူး။ နောက်အစိုးရအသစ် လက်ထက်မှာတော့   မြေတွေပြန်ရလိမ့်မယ်လို့ မျှော်လင့်ထားတာပဲ" ဟုဒေါ်ရွှေ က ပြောသည်။

စွန့်လွှတ်မြေပေါ်တွင် အလံဝင်စိုက်ခဲ့သည့် ဗဟိုဝန်ထမ်းတက္ကသိုလ်မှကျောင်းအုပ်ကြီးကို မေးမြန်းရာ ပြန်လည်ဖြေကြားခွင့်မရှိသေးကြောင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly