အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ချိန် ရေယာဉ်နစ်မြုပ်လို့ လူရာချီ ပျောက်ဆုံးနေ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ချိန် ရေယာဉ်နစ်မြုပ်လို့ လူရာချီ ပျောက်ဆုံးနေ

မေ ၁၈

အိန္ဒိယနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း တော့တေး တိုက်ခတ်စဉ် မေလ ၁၈ ရက်က မွမ်ဘိုင်းမြို့ ကမ်းရိုးတန်းပြင်ပမှာ မျောပါနေခဲ့တဲ့ ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့ပြီးနောက် လူ ၁၂၇ ဦးခန့် ပျောက်ဆုံးနေတယ်လို့ အိန္ဒိယ ရေတပ်က ပြောပါတယ်။

ယခုအခါမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ သင်္ဘောနှစ်စင်းနဲ့ ရဟတ်ယာဉ်တွေကို ဖြန့်ကျက်ထားတယ်လို့လည်း သိရပါတယ်။

ရေယာဉ်ဟာ လူပေါင်း ၂၇၃ ဦးကို တင်ဆောင်ပြီး မေလ ၁၇ ရက်က အိန္ဒိယရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာ လေပြင်းတွေ တိုက်ခတ်ခဲ့ချိန် စတင် မျောပါနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံပိုင်ရေနံကုမ္ပဏီတစ်ခုက စီမံခန့်ခွဲတဲ့ အဆိုပါ ရေယာဉ်ကနေ လူပေါင်း ၁၄၆ ဦးကိုတော့ ကယ်တင်ပေးထားနိုင်ခဲ့တယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

မုန်တိုင်းကြောင့် ခက်ခဲတဲ့ ပင်လယ်ပြင်အခြေအနေတွေအောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တစ်နေ့တာလုံး ဆက်လုပ်နိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။

အလွန်အားကောင်းတဲ့ ယခု ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကီရာလာ၊ ဂိုအာ၊ မဟာရက်ရှ်ထရာနဲ့ ဂူဂျာရတ် တို့မှာ လူသေဆုံးမှုတွေ ရှိခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ လဲကျတာတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။

မုန်တိုင်းကြောင့် လူပေါင်း သောင်းချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရသလို မွမ်ဘိုင်းမှာလည်း အာဏာပိုင်တွေဟာ ကိုဗစ်-၁၉ လူနာ ၆၀၀ ခန့်ကို ဆေးကုသရာနေရာတွေကနေ ပိုမို ဘေးကင်းတဲ့ နေရာတွေဆီ ရွှေ့ပြောင်းပေးထားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly