အိုင်အို၀ါပြည်နယ်မှာ ဓာတုပစ္စည်းတင် ရထား လမ်းချော်မှုကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်

အိုင်အို၀ါပြည်နယ်မှာ ဓာတုပစ္စည်းတင် ရထား လမ်းချော်မှုကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်
Photo - AFP

မေ ၁၈

အမေရိကန်ပြည်ထောင်စု အိုင်အို၀ါပြည်နယ် အနောက်မြောက်ပိုင်းမှာ မေလ ၁၆ ရက်က ရထားတစ်စင်း လမ်းချော်ပြီး မီးလောင်မှု ဖြစ်ခဲ့တဲ့အတွက် အနီးပတ်၀န်းကျင်ရှိ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

အဆိုပါ ရထားမှာ တင်ဆောင်လာတဲ့ အမိုးနီးယမ်း နိုက်ထရိတ် ကုန်တွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိတာကြောင့် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

တွဲပေါင်း ၄၇ တွဲပါ ရထား လမ်းချော်မှု ဖြစ်ခဲ့တဲ့ နေရာရဲ့ ၈ ကီလိုမီတာ ပတ်ပတ်လည်မှာ ရှိသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

အဆိုပါ ဘေးလွတ်ရာ ရွှေ့ပြောင်းကြရသူတွေကိုတော့ ရပ်ကွက်အသင်းတိုက်တစ်ခုမှာ ယာယီ နေရာထိုင်ခင်းပေးထားခဲ့တယ်လို့ သိရပါတယ်။

အိုင်အို၀ါပြည်နယ်အတွင်း လူဦးရေ ၃,၀၀၀ ခန့် နေထိုင်တဲ့ Sibley မြို့ အနောက်တောင်ဘက်မှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်က အဆိုပါ ရထားလမ်းချော်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရထားလမ်းချော်မှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ထိခိုက်ဒဏ်ရာရမှု သတင်းတွေတော့ ထွက်ပေါ်ခဲ့ခြင်း မရှိပါဘူး။

ထိုဖြစ်စဉ်နဲ့ပတ်သက်လို့ လက်ရှိအချိန်မှာ သက်ဆိုင်ရာ တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required