Xiaomi ကို အမေရိကန်၏ နာမည်ပျက်စာရင်းမှ ဖယ်ရှားခြင်းက အကျိုးရှိစေနိုင်

Xiaomi ကို အမေရိကန်၏ နာမည်ပျက်စာရင်းမှ ဖယ်ရှားခြင်းက အကျိုးရှိစေနိုင်
Photo: EPA

Xiaomi တွင် အမေရိကန်ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခြင်းကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် ပိတ်ပင်တားမြစ်ခဲ့ပြီး ယင်းတားမြစ်ချက်အား ဘိုင်ဒင်အစိုးရက ပယ်ဖျက်ပြီးနောက်တစ်ရက်တွင် တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက Xiaomi ကို အမေရိကန်၏ နာမည်ပျက်စာရင်းမှ ဖယ်ရှားလိုက်ခြင်းအပေါ် ကြိုဆိုလိုက်သည်။

“စီးပွားရေးပိတ်ဆို့မှုတွေ၊ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးတာနဲ့ တရုတ်ကုမ္ပဏီတွေကို ဖိနှိပ်မှုတွေ ရပ်တန့်သွားတာက တရုတ်၊ အမေရိကန်နဲ့ ကမ္ဘာကြီးကို အကျိုးကျေးဇူးရှိစေမယ်ဆိုတာကို အမြဲယုံကြည်ပါတယ်” ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖန်က မေလ ၁၃ရက်က ပြောကြားခဲ့သည်။

ပေကျင်းအခြေစိုက်ကုမ္ပဏီဖြစ်သော Xiaomi သည် ပေးရသည့်ငွေနှင့် ထိုက်တန်သည့် စမတ်ဖုန်းနှင့် စမတ်ကိရိယာများကြောင့် ထင်ရှားပြီး တရုတ်စစ်တပ်နှင့်ဆက်စပ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ဒေါ်နယ်ထရမ့်အစိုးရက သက်တမ်းနောက်ပိုင်း ကာလများဖြစ်သည့် ၂၀၂၁ခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန် ကာကွယ်ရေးဌာန၏ နာမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။

အမေရိကန်ရင်းနှီးမြုပ်နှံသူများကိုလည်း ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလက Xiaomi ၏ ရှယ်ယာများကို ဝယ်ယူခြင်းမပြုရန် အမိန့်ထုတ်ခဲ့သည်။

တုံပြန်လုပ်ဆောင်သည့်အနေဖြင့် Xiaomiက ယင်းပိတ်ပင်တားမြစ်ချက်အတွက် အမေရိကန်အစိုးရကို တရားစွဲဆိုခဲ့ပြီး ယင်းစာရင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သလို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပတ်သက်မှုမရှိကြောင်းလည်း ဆိုခဲ့သည်။

မေလ ၁၂ရက်တွင် အမေရိကန်တရားရုံးမှတ်တမ်းစာဖော်ပြချက်အရ နှစ်ဖက် သဘောတူညီချက်ပြုလုပ်ပြီးနောက် Xiaomi အား အမေရိကန်ကာကွယ်ရေးဌာနက နာမည်ပျက်စာရင်းမှ ဖယ်ရှားမည်ဟု မီဒီယာက သတင်းဖော်ပြခဲ့သည်။

Xiaomi မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကုမ္ပဏီအနေဖြင့် ယင်းကိစ္စကို အထူး အာရုံစိုက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်စတော့ဈေးကွက်တွင် အမေရိကန်၏ နာမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်သည်ဟူသော သတင်းကြောင့် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သော ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများသည် နောက်တစ်နေ့ဖြစ်သော မေလ ၁၃ရက်တွင် ၂.၉ ရာခိုင်နှုန်း နီးပါး ပြန်လည်ကျဆင်းခဲ့သည်။

ထရမ့်အစိုးရလက်ထက်တွင် တရုတ်နည်းပညာကုမ္ပဏီများဖြစ်သည် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်သည့် DJI နှင့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်းကိရိယာပေးသွင်းသူ Huawei ကဲ့သို့သော ကုမ္ပဏီများအား လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သည်ဆိုကာ ကုန်သွယ်ရေးဆိုင်ရာ နာမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။

အမေရိကန်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအား ထိုစာရင်းဝင်သော ကုမ္ပဏီများနှင့် ဆက်ဆံခြင်းမပြုရန် တားမြစ်ထားပြီး သို့မဟုတ် အချို့ကိစ္စရပ်များတွင် အထူးခွင့်ပြုချက်ကို ကြိုတင်ရယူရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required