ဂျပန်၊ အမေရိကန်နဲ့ ပြင်သစ်တို့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်

ဂျပန်၊ အမေရိကန်နဲ့ ပြင်သစ်တို့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်
Photo - AFP

မေ ၁၆

ဂျပန်၊ အမေရိကန်နဲ့ ပြင်သစ် စစ်သည်တပ်ဖွဲ့၀င်တွေဟာ ၎င်းတို့ရဲ့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလ ၁၁ ရက်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။

ဒါဟာ ဒေသတွင်းမှာ တရုတ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေချိန် ခုလို နိုင်ငံ သုံးနိုင်ငံအကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်တာ ဖြစ်ပါတယ်။

နိုင်ငံ သုံးနိုင်ငံမှ စစ်သည် ၃၀၀ ခန့် ပါ၀င်ပြီး သီတင်းပတ်နဲ့ချီ ကြာမယ့် ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှုတွေမှာ သြစတြေးလျ ရေတပ် သင်္ဘောတစ်စင်းလည်း ပါ၀င်နေတယ်လို့ သိရပါတယ်။

ဒါဟာ တိုကျို အာဏာပိုင်တို့က အရှေ့နဲ့ တောင်တရုတ် ပင်လယ်တွေမှာ ပေကျင်းရဲ့ လုပ်‌ဆောင်ချက်တွေကို မျက်စိဒေါက်ထောက်ကြည့်ရင်းနဲ့ ယင်းရဲ့ မဟာမိတ် အမေရိကန်အပြင် အခြားနိုင်ငံတွေနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံပတ်သက်မှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်လုပ်ဆောင်နေချိန် ခု စစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

“ဒီ စစ်ရေးလေ့ကျင့်မှုတွေကတော့ ဒေသမှာ တရုတ်ရဲ့ ပိုမိုရန်လိုတဲ့ အပြုအမူတွေအပေါ် အဟန့်အတားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်” လို့လည်း တာကူရှိုကူ တက္ကသိုလ်မှ ကမ္ဘာ့ရေးရာ လေ့လာမှုဆိုင်ရာ အင်စတီကျူ့မှ အကြီးအကဲ တာကာရှီ ကာ၀ါကာမီက အေအက်ဖ်ပီကို ပြောပါတယ်။

“ရေရှည်မှာ အင်ဒို-ပစိဖိတ်ဒေသအပေါ် ဥရောပရဲ့ ကတိပေးနစ်မြှုပ်လုပ်ဆောင်မှုကြောင့် ဂျပန်နဲ့ နေတိုးအုပ်စုအကြား ပိုမို နီးကပ်တဲ့ ဆက်ဆံရေးဆီ ဦးတည်စေနိုင်ပါတယ်” လို့ ၎င်းက ပြောခဲ့ပါတယ်။

တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်မှုတွေ၊ ကုန်း ရေ နှစ်သွယ် စစ်ဆင်မှုဆိုင်ရာ လေ့ကျင့်မှုတွေ ပါ၀င်တဲ့ ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုတော့ ကျူရှူး ဒေသမှာ ပြုလုပ်ဖို့ ရှိနေပြီး ဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေနဲ့အတူ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required