မွတ်စလင် အိဒ်ပွဲတော်အတွက် အာဖဂန်မှာ သုံးရက်တာ အပစ်ရပ် 

မွတ်စလင် အိဒ်ပွဲတော်အတွက် အာဖဂန်မှာ သုံးရက်တာ အပစ်ရပ် 
Photo - AFP

မေ ၁၄

အာဖဂန်နစ္စတန်နိုင်ငံ တစ်လွှားမှာ သီတင်းပတ်တွေအကြာ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပြီးနောက်မှာ ကြာသပတေးနေ့မှာ စတင်အသက်ဝင်တဲ့ သုံးရက်ကြာ အပစ်ရပ်စဲမှုကို စစ်ပြိုင် တာလီဘန်တွေနဲ့ အာဖဂန်တပ်တွေကြား သဘောတူညီခဲ့ကြပါတယ်။ 

တာလီဘန်တွေဖက်က အဆိုပြုပြီး သမ္မတ ဂါနီက သဘောတူတဲ့ အခု အပစ်ရပ်စဲမှုဟာ ရာမဇန် ဥပုသ်လ အဆုံးသတ် မွတ်စလင် အိဒ်ပွဲတော် အထိမ်းအမှတ်အနေနဲ့လည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်အတွင်းက တာလီဘန်တွေနဲ့ သဘောတူထားတဲ့ တပ်အားလုံး မေ ၁ ရက် နောက်ဆုံးထား ရုပ်သိမ်းမယ်ဆိုတာကို အမေရိကန်က ပျက်ကွက်ခဲ့ပြီးတဲ့နောက်မှာ အာဖဂန်နိုင်ငံအတွင်း တိုက်ခိုက်မှုတွေ အရှိန်မြင့်ဖြစ်ပွားနေတာပါ။ 

အခု အပစ်ရပ် သဘောတူညီချက်ဟာလည်း နှစ် နှစ်ဆယ်နီးပါး ပဋိပက္ခအတွင်း လေးကြိမ်မြောက် ယာယီအပစ်ရပ်မှုသာ ဖြစ်နိုင်ပြီး အာဖဂန် မိသားစုတွေ အိဒ်ပွဲတော် ကျင်းပကြနိုင်ဖို့ တိုက်ပွဲ ခဏရပ်ခြင်းတာ ဖြစ်ပါလိမ့်မယ်။ 

“လိုဂါပြည်နယ်မှာ နေတဲ့ ကျွန်တော် ဆွေမျိုးတွေနဲ့ မတွေ့ရတာ တစ်နှစ်လောက် ရှိပြီ၊ အခု အပစ်ရပ်ထားချိန် တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက ဆွေမျိုးတွေဆီ ကျွန်တော် သွားမှာ ဖြစ်တယ်”လို့ ကဘူးလ်မြို့ခံ မူစတာဖာက ပြောပါတယ်။ 

နိုင်ငံရဲ့ နယ်မြေအများစုကို တာလီဘန်တွေ လက်အောက် ထိန်းချုပ်လိုက်နိုင်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်းမှာ အာဖဂန်ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးပြီး သန်းနဲ့ချီကာ နေရပ်ရွှေ့ပြောင်းကြရပါတယ်။ 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာအတွင်းက တာလီဘန်တွေနဲ့ အာဖဂန်အစိုးရဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ခဲ့ပေမယ့် စေ့စပ်ညှိနှိုင်းရေးအထိ နိုင်ငံတကာရဲ့ ကြိုးပမ်းပေးမှုတွေ ရှိတဲ့ကြားကပဲ ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ 

အရင်က အပစ်အခတ် ရပ်စဲမှုတွေဟာလည်း တာလီဘန်ခေါင်းဆောင်တွေက နိုင်ငံအနှံ့က အုပ်စုဂိုဏ်းကွဲ အမြောက်အမြားအပေါ် ခိုင်ခိုင်မာမာ ထိန်းချုပ်နိုင်တယ်ဆိုတာ ပြသဖို့အတွက် အသုံးချ အပစ်ရပ်စဲရေးတွေပဲ ဖြစ်တယ်လို့ တော်တော်များများက ယူဆထားကြပါတယ်။ 

“တာလီဘန်ခေါင်းဆောင် Hibatullah Akhundzada ဟာ သူက စစ်ပွဲနဲ့ ငြိမ်းချမ်းရေးနဲ့ သခင်ဖြစ်တယ်ဆိုတာကို ပြသချင်နေတာပါ”ဆိုပြီး ကဘူးလ်အခြေစိုက် အာဖဂန်နိုင်ငံရေးသုတေသီ Fawad Kochai က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required