ဘင်္ဂလားဒေ့ရှ်ဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၀၀၀၀၀ တရုတ် ပေးပို့ 

ဘင်္ဂလားဒေ့ရှ်ဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၀၀၀၀၀ တရုတ် ပေးပို့ 
Photo - AFP

မေ ၁၃

ကပ်ဘေးဒဏ် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတာကြောင့် အိန္ဒိယနိုင်ငံ မစွမ်းဆောင်ပေးနိုင်ဘဲ ဖြစ်ခဲ့တဲ့ လစ်ဟချက်ကို ဖြည့်ဆည်းပေးတဲ့ တရုတ်ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး ငါးသိန်းကို တရုတ်နိုင်ငံဟာ ဗုဒ္ဓဟူးနေ့မှာ ပေးပို့ပေးခဲ့ပါတယ်။ 

မတ်လအတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ထောင်တက်ခဲ့တဲ့ နောက်မှာ အိန္ဒိယနိုင်ငံဟာ ၎င်း ဩဇာလွှမ်းမိုးမှု ရှိရာ တောင်အာရှက နိုင်ငံတွေအပါအဝင် နိုင်ငံဒါဇင်များစွာဆီ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တင်ပို့မှုကို တန့်ရပ်ထားခဲ့တာပါ။ 

ခုလို တင်ပို့မှု မရပ်ခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အိန္ဒိယဆီကနေ ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူပြီး လက်ဆောင်အဖြစ် အပို ကာကွယ်ဆေး ၃ ဒသမ ၃ သန်း ပေးမယ့် သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ကာကွယ်ဆေး ခုနစ်သန်းပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

“လိုအပ်နေတဲ့ အချိန်က မိတ်ဆွေအဖြစ် ရှိတာဟာ တကယ့် မိတ်ဆွေရင်းပါ”လို့ တရုတ် သံအမတ်ကြီးထံကနေ Sinopharm ကာကွယ်ဆေးတွေ လက်ခံယူတဲ့ ဒါကာလေဆိပ်က အခမ်းအနားတစ်ခုမှာ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီး Zahid Maleque က ပြောပါတယ်။ 

အိန္ဒိယအပါအဝင် တောင်အာရှနိုင်ငံအချို့နဲ့ တရုတ်နိုင်ငံတို့ ပြီးခဲ့တဲ့လက ဗီဒီယိုကွန်ဖရင့် တွေ့ဆုံပြီးနောက်မှာ ခုလို ကာကွယ်ဆေးတွေ ပေးပို့လာခဲ့တာပါ။ အဲဒီ ဗီဒီယိုကွန်ဖရင့်မှာ တရုတ်က ကာကွယ်ဆေးနဲ့ အခြား ဆေးဝါးအထောက်အပံ့တွေ ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆေးဝါးရှားပါးမှုကြောင့် ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်အချို့ဟာ ရှေ့မတိုးသာ ဖြစ်နေပြီး ဒုတိယ ကာကွယ်ဆေး ထိုးဖို့အတွက် ပထမအလုံး ထိုးပြီးသူသာ တန်းစီစောင့်ဆိုင်းပြီး ထိုးနှံခွင့် ပြုထားတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ တရုတ်ကာကွယ်ဆေး သန်း ၅၀ ရရှိဖို့ စီစဉ်လျက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ Robed Amin က အေအက်ဖ်ပီကို ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးကလည်း တရုတ်ဆီကနေ ကာကွယ်ဆေး ဝယ်ယူတာ ဒါမှမဟုတ် နိုင်ငံတွင်းမှာ အဲဒီ ကာကွယ်ဆေးကို ထုတ်လုပ်တာအတွက် စီစဉ်နေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

နိုင်ငံအနေနဲ့ Sputnik V ကာကွယ်ဆေး တင်သွင်းဖို့အတွက် ရုရှနဲ့ ဆွေးနွေးထားပြီး ဖြစ်တယ်လို့ အစောပိုင်းက နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen က အေအက်ဖ်ပီကို ပြောထားပါတယ်။ 

အခု ရောက်ရှိတဲ့ Sinopharm ကာကွယ်ဆေးဟာ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ‘ဆက်ဆံရေး ခေတ်သစ်ကို မွေးဖွားစေလိမ့်မယ်’လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

“ပြီးခဲ့တဲ့ နှစ်တွေမှာ တရုတ်ဟာ ဘင်္ဂလားဒေ့ရှ်အတွက် မိတ်ဆွေကောင်း ဖြစ်လာခဲ့တယ်။ ပိုပြီး ကောင်းမွန်တဲ့ နေ့ရက်တွေဆီ ကျွန်တော်တို့ မျှော်မှန်းထားတယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly