လာမည့်အပတ်တွင် ကျင်းပမည့် ရှင်ကျန်းဒေသဆိုင်ရာ အခမ်းအနားသို့ ကုလအဖွဲ့ဝင်နိုင်ငံများ မတက်ကြရန် တရုတ် တိုက်တွန်း

လာမည့်အပတ်တွင် ကျင်းပမည့် ရှင်ကျန်းဒေသဆိုင်ရာ အခမ်းအနားသို့ ကုလအဖွဲ့ဝင်နိုင်ငံများ မတက်ကြရန် တရုတ် တိုက်တွန်း

ဝီဂါမွတ်ဆလင်များနှင့် ရှင်ကျန်းဒေသမှ အခြားလူနည်းစုများ ဖိနှိပ်ခံရခြင်းနှင့် ပတ်သက်သည့် အခမ်းအနားတစ်ခုကို ဂျာမနီ၊ အမေရိကန်နှင့် ဗြိတိန်တို့က လာမည့်သီတင်းပတ်အတွင်း ကျင်းပမည်ဖြစ်ရာ ယင်းအခမ်းအနားသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မတက်ရောက်ကြရန် တရုတ်အစိုးရက တိုက်တွန်းထားသည်။

“နိုင်ငံရေး ပယောဂမကင်းတဲ့ အခမ်းအနားတစ်ခုဖြစ်တာကြောင့် သက်ဆိုင်ရာ သံရုံးများအနေဖြင့် တရုတ်ဆန့်ကျင်ရေး အခမ်းအနားကို မတက်ရောက်ကျရန် တိုက်တွန်းအပ်ပါသည်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးက မေ ၆ ရက်တွင် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားကို ဦးဆောင်ကျင်းပရာတွင် ပါဝင်သည့် ဥရောပနိုင်ငံများ၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့သည် ရှင်ကျန်းကဲ့သို့ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်၊ အုပ်စုခွဲခြင်း၊ မတည်ငြိမ်စေခြင်းနှင့် တရုတ်၏ ဖွံ့ဖြိုးမှုကို အနှောက်အယှက်ဖြစ်စေရန် လူ့အခွင့်အရေးကိစ္စများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေကြောင်း တရုတ်အစိုးရက ပြောဆိုထားသည်။

“သူတို့က တရုတ်ကို ထိပ်တိုက်ရန်စတာတွေပဲ လုပ်နေပါတယ်၊ ရန်လိုတဲ့ လုပ်ရပ်တွေဟာ ထိပ်တိုက်ရင်ဆိုင်မှုတွေကိုပဲ ထပ်ပြီး ဖြစ်စေနိုင်တယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုသတင်းထွက်ရှိလာသည့်အပေါ် မှတ်ချက်ပေးရန် တောင်းခံမှုအပေါ်ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးက လတ်တလော တုံ့ပြန်ထားခြင်း မရှိသေးပေ။

မေ ၁၂ ရက်တွင် အမေရိကန်၌ အွန်လိုင်းမှ ပြုလုပ်မည့် အဆိုပါ အခမ်းအနားသို့ အမေရိကန်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကမ်ရော့နှင့် Amnesty International ၏ အတွင်းရေးမှူးချုပ် အဂ္ဂနက်ကာလာမက်တို့က မိန့်ခွန်းများ ပြောကြားရန် စီစဉ်ထားသည်။

ရှင်ကျန်းဒေသရှိ တူရကီလူမျိုးစု များ၏ လူ့အခွင့်အရေးအတွက် ကုလသမဂ္ဂစနစ်၊အဖွဲ့ဝင်နိုင်ငံများနှင့် လူမှုရေးအဖွဲ့အစည်းမျာက မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို ဆွေးနွေးရန် အဆိုပါ အခမ်းအနားကို ကျင်းပမည် ဖြစ်သည်။

ရှင်ကျန်းဒေသရှိ အာဏာပိုင်များက ထိန်းသိမ်းရေးစခန်းများတွင် ဝီဂါများအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများကို လုပ်ဆောင်နေကြောင်း အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲထားသလို လူမျိုးသုဉ်း သတ်ဖြတ်မှုအဖြစ် အမေရိကန်ကလည်း သတ်မှတ်ထားသည်။

အတင်းအဓမ္မအလုပ်စေခိုင်းသည့် စွပ်စွဲချက်ဖြင့် ရှင်ကျန်းဒေသမှ ထွက်သည့် ချည်နှင့် အာလူးထုတ်ကုန်တို့အား အမေရိကန်က ဇန်နဝါရီလတွင် တင်သွင်းမှု ပိတ်ပင်ခဲ့သည်။

ယင်းစခန်းများသည် ဘာသာရေး အစွန်းရောက်မှုများကို တိုက်ဖျက်ရန် အသက်မွေးဝမ်းကြောင်း သင်တန်းဌာနများသာ ဖြစ်သည်ဟု တရုတ်အစိုးရက စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

“တရုတ်အစိုးရက အခြားနိုင်ငံတွေကို လိမ်လည်လှည့်စားဖို့ ကြိုးပမ်းနေပေမယ့် ဒီဗျူဟာက မအောင်မြင်တော့ပါဘူး။ ဝီဂါနဲ့ အခြား တူရကီ မွတ်ဆလင်တွေကို ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အပေါ်မှာ အခြားနိုင်ငံတွေကလည်း ပြစ်တင်ဝေဖန်လာကြပါပြီ” ဟု လူ့အခွင့်အရေး စောင့်ကြည်မှုအဖွဲ့ ကုလသမဂ္ဂညွှန်ကြားရေးမှူး လူးဝစ်ချာဗွန်နော်က ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ တရုတ်သံအမတ်ကြီးက အမေရိကန်နှင့် အခြားအနောက်နိုင်ငံများအနေဖြင့် ရှင်ကျန်းဒေသနှင့် ပတ်သက်၍ သတင်းမှားများအား ဖြန့်ခြင်းကို ရှောင်ရှားကြရန်နှင့် ယင်းဒေသမှ လူ ၂၅ သန်းနှင့် တရုတ်နိုင်ငံအခြား ဒေသမှ ပြည်သူများက လှပသည့် ရှင်ကျန်းဒေသအကြောင်း ပြောဆိုမှုကို နားထောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly