အာဖဂန်နစ္စတန် စာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၅၀ ဦးအထိ မြင့်တက်

အာဖဂန်နစ္စတန် စာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၅၀ ဦးအထိ မြင့်တက်
Photo - AFP

မေ ၉

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ရှီးအိုက် ဟာဇာရာ လူမျိုးစု၀င်များ အများစု နေထိုင်ရာ ဧရိယာတစ်ခုတွင် ရှိသော မိန်းကလေး စာသင်ကျောင်းတစ်ခု အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ခဲ့ပြီးနောက် သေဆုံးသူဦးရေသည် ယခုအခါ ၅၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက မေလ ၉ ရက်တွင် ပြောသည်။

မေလ ၈ ရက်က ဆေယက်ဒ် အယ်လ် ရှုဟာဒါ ကျောင်း အရှေ့ဘက်တွင် ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ကျောင်းသူများသည် ‌ကျောင်းထဲကနေ အထိတ်တလန့် အပြေးအလွှားထွက်ခဲ့ကြစဥ် နောက်ထပ် ဗုံးနှစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာရက် အေရီယန်က သတင်းထောက်များကို ပြောသည်။

ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော် ရှိကြောင်း ၎င်းက ပြောသည်။

ထို့ပြင် သေဆုံးသူ အများစုသည် ကျောင်းသူမိန်းကလေးများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဟု ထုတ်ဖော်ထားခြင်း မရှိသေးပေ။

သို့သော် အာဖဂန်သမ္မတ အာရှ်ရက်ဖ် ဂါနီ အပါအ၀င် တာ၀န်ရှိသူများက တာလီဘန်တို့အပေါ် အပြစ်ဖို့ထားသည်။

“ဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ တာလီဘန်တို့ ရှိနေပါတယ်၊ သူတို့ဟာ အရင်ကာလတွေတုန်းကလည်း ပညာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး အလားတူ တိုက်ခိုက်မှုတွေ လုပ်ထားခဲ့ပါတယ်” ဟု အေရီယန်က ပြောခဲ့သည်။

တာလီဘန်အဖွဲ့ကမူ ယခု ဖြစ်စဥ်တွင် ၎င်းတို့ ပါ၀င်ပတ်သက်ခြင်း မရှိဟု ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly